Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲမှာ အမေရိကန် အရှက်တကွဲ ရှုံးနိမ့်ခဲ့တယ်လို့ အီရန် အဓိပတိပြော

အမေရိကန်ဟာ စစ်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ကြောင်း အီရန်အစိုးရ အဓိပတိ မော့ဂျ်တာဘာ ခါမေနီက ပြောကြားခဲ့ပါတယ်။ အီရန် စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေဖို့ အမေရိကန်ရဲ့ ရေတပ်အင်အားသုံး ပိတ်ဆို့မှုတွေဟာ လနဲ့ချီ ကြာမြင့်နိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ခြိမ်းခြောက်မှု အပြီးမှာ မော့ဂျ်တာဘာက အခုလို စကားမျိုးနဲ့ အတိအလင်း ဖီဆန်လိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - EPA

အမေရိကန်ဟာ စစ်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ကြောင်း အီရန်အစိုးရ အဓိပတိ မော့ဂျ်တာဘာ ခါမေနီက ပြောကြားခဲ့ပါတယ်။ အီရန် စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေဖို့ အမေရိကန်ရဲ့ ရေတပ်အင်အားသုံး ပိတ်ဆို့မှုတွေဟာ လနဲ့ချီ ကြာမြင့်နိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ခြိမ်းခြောက်မှု အပြီးမှာ မော့ဂျ်တာဘာက အခုလို စကားမျိုးနဲ့ အတိအလင်း ဖီဆန်လိုက်တာ ဖြစ်ပါတယ်။

ဟောမုဇ် ရေလက်ကြား အထွက်နားမှာရှိတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ဆက်လက် ထားရှိမယ်လို့ ထရမ့်က ကြေညာခဲ့တဲ့နောက် နိုင်ငံတကာ ရေနံစျေးဟာ ၄ နှစ်အတွင်း အမြင့်ဆုံး အဆင့်ထိ ရောက်ရှိလာခဲ့ပါတယ်။ ဧပြီ ၃၀ ရက်နေ့မှာတော့ ခါမေနီရဲ့ ရေးသားထုတ်ပြန်ချက်ကို အီရန် အစိုးရ ရုပ်မြင်သံကြား ဌာနက ဖတ်ကြားပြခဲ့ပြီး အီရန် အစိုးရရဲ့ တင်းမာတဲ့ သဘောထားကို အသိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ဟာ ကမ္ဘာ့ ဗိုလ်ကျစိုးမိုးရေး သမားတွေက ဒေသတွင်းမှာ စစ်အင်အား အကြီးမားဆုံး ဖြန့်ကျက်ပြီး ရန်လိုတိုက်ခိုက်ခဲ့တာ နှစ်လတင်းတင်း ပြည့်တဲ့နေ့ ဖြစ်ကြောင်း၊ အမေရိကန်ဟာ သူတို့ မျှော်လင့်ထားတဲ့ အစီအစဉ်တွေအတိုင်း ဖြစ်မလာဘဲ ကျက်သရေမဲ့စွာ ရှုံးနိမ့်သွားကြောင်း၊ ပါရှန်းပင်လယ်ကွေ့နဲ့ ဟောမုဇ် ရေလက်ကြား ဒေသတွေမှာ ကဏ္ဍသစ်တစ်ခု ပေါ်ပေါက်လာတော့မှာဖြစ်ကြောင်း မော့ဂျ်တာဘာက ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားခဲ့ပါတယ်။

သူက နိုင်ငံတကာ ရေနံနဲ့ ဓာတ်ငွေ့ တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို အီရန်စစ်တပ်က ဆက်ပြီး ပိတ်ဆို့ထားနိုင်တာကိုလည်း ချီးကျူးသွားခဲ့ပါတယ်။ သူက ပင်လယ်ကွေ့ ဒေသဟာ အမေရိကန်ရဲ့ စွက်ဖက်မှုတွေ မရှိမှသာ တောက်ပတဲ့ အနာဂတ်မျိုးကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒေသရဲ့ အရေးတွေကို ခြယ်လှယ်စွက်ဖက်တဲ့ ပြည်ပအင်အားစုတွေအတွက် သင့်တော်တဲ့ နေရာဟာ ပင်လယ်ကွေ့ရဲ့ ရေအောက်ကြမ်းပြင်ပဲ ဖြစ်လိမ့်မယ်လို့ မော့ဂျ်တာဘာက ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့ချိန်မှာ မော့ဂျ်တာဘာရဲ့ ဖခင်ဖြစ်သူ အီရန် အဓိပတိဟောင်း အယာတိုလာ အလီခါမေနီ သေဆုံးခဲ့ပါတယ်။ ဖခင်ဖြစ်သူ သေဆုံးခဲ့တဲ့ တိုက်ခိုက်ခံရမှုအတွင်း မော့ဂျ်တာဘာလည်း ဒဏ်ရာရခဲ့ပါတယ်။ မတ်လမှာတော့ အီရန်က မော့ဂျ်တာဘာကို နိုင်ငံရဲ့ အဓိပတိသစ်အဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့ပေမယ့် သူဟာ လူမြင်ကွင်းကို ထွက်ပေါ်လာတာမျိုးတော့ လုံးဝ မရှိခဲ့ပါဘူး။

အီရန်ဟာ စစ်ပွဲစတင်လာချိန် ကတည်းက ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ခဲ့ပြီး အမေရိကန်ကတော့ ဧပြီ လလယ်လောက်ကစပြီး အီရန် ဆိပ်ကမ်းတွေကို ပစ်မှတ်ထား ဖိအားပေးမှုအဖြစ် ဟောမုဇ်ကနေ အထွက် ရေပြင်ကျယ်မှာ စစ်သင်္ဘောတွေ ဖြန့်ကျက်ထားလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးကတော့ အမေရိကန် အစိုးရဟာ အခုအခါမှ နိုင်ငံတကာ မိတ်ဖက်တွေ၊ ရေကြောင်းသွားလာရေး ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး အမေရိကန် ပိတ်ဆို့မှုကို မထိခိုက်စေဘဲ ဟောမုဇ်ရေလက်ကြားကို ဘေးကင်းကင်း ဖြတ်သန်းနိုင်မယ့် ရေလမ်းကြောင်းတစ်ခု သတ်မှတ်နိုင်ရေး ကြိုးစား အဖြေရှာနေတယ်လို့ AFP သတင်းဌာနဆီ ပြောကြားထားပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နဲ့ လောလောဆယ် အပစ်ရပ်ထားပေမယ့် စစ်ပွဲတွေ ပြန်စလာနိုင်ခြေ အတွက်လည်း စိုးရိမ်စရာတွေ ဖြစ်နေဆဲပါ။ ထရမ့်က ရေတပ်ပိတ်ဆို့မှု နည်းလမ်းနဲ့ အီရန်စီးပွားရေးကို နှိပ်ကွပ်ထားတာဟာ ဗုံးတွေကြဲနေတာထက် အထိနာစေတယ်လို့ ပြောကြားထားပေမယ့် အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကာ့ဇ်ကတော့ အီရန်စစ်ပွဲရဲ့ ရည်မှန်းချက်တွေ အောင်မြင်စေဖို့ မကြာခင် နောက်ထပ် တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ခြေ ရှိတယ်လို့ မှတ်ချက် ပေးထားပါတယ်။

တဟီရန် မြို့တော်မှာတော့ ဧပြီ ၃၀ ရက်နေ့ ညပိုင်းက လေယာဉ်ငယ်တွေနဲ့ ဒရုန်းတွေကို ဟန့်တားဖို့ လေကြောင်းကာကွယ်ရေး စနစ်တွေကို အသက်သွင်းထားတယ်လို့ အီရန် စစ်ဘက်က ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်ပြန်မထားခဲ့ပါဘူး။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ် တချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

သတင်း

အမေရိကန် အောက်လွှတ်တော် ကြားနာမှု အစီအစဉ် တစ်ခုမှာတော့ မြန်မာနိုင်ငံနဲ့ ဆက်နွှယ်တဲ့ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေက အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာကြောင်း သတိပေးသွားပါတယ်။

နိုင်ငံတကာ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း

နိုင်ငံတကာ

အမေရိကန် အနေနဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက သစ္စာရှိမှုကို လိုချင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။