Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ပေးပို့ထားတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်က ကျေနပ်စရာ မရှိဘူးလို့ ထရမ့်ပြော

အီရန်ဖက်က ပေးပို့ထားတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် အသစ်ဟာ စိတ်ကျေနပ်စရာ မရှိဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အီရန်ဖက်က ပေးပို့ထားတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် အသစ်ဟာ စိတ်ကျေနပ်စရာ မရှိဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အမေရိကန်နဲ့ အီရန်တို့ကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာ ဆက်လက် အသက်ဝင်နေဆဲ ဖြစ်ပေမယ့် စစ်ပွဲကို အပြီးတိုင် ရပ်စဲနိုင်စေဖို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကတော့ တိုးတက်မှု ရှိမလာသေးပါဘူး။

ငြိမ်းချမ်းရေး ဆက်ဆွေးနွေးနေချိန်အတွင်း အီရန်ရော၊ အမေရိကန်ပါ ဟောမုဇ် ရေလက်ကြားတဝိုက် ရေပြင်ကို အပြိုင်အဆိုင် ပိတ်ထားတာကြောင့် နိုင်ငံတကာ လောင်စာဆီ တင်ပို့မှုမှာ အခက်အခဲတွေ ကြီးကြီးမားမား ဖြစ်ပေါ်နေပြီး ရေနံစျေးတွေလည်း ထိုးတက်လာနေပါတယ်။

အခု သီတင်းပတ်ထဲမှာတော့ အီရန်အစိုးရဟာ စစ်ပြေငြိမ်းရေးအတွက် ကြားဝင်ညှိနှိုင်းပေးနေတဲ့ ပါကစ္စတန် အစိုးရဆီကနေတဆင့် အမေရိကန်ဆီ ငြိမ်းချမ်းရေး အဆိုပြုချက်တစ်ခု ပေးပို့ခဲ့ပါတယ်။ အဲဒီ အဆိုပြုချက်ထဲမှာတော့ စစ်ပွဲကို အပြီးတိုင် ရပ်ဆိုင်းစေဖို့ အီရန်လိုလားတဲ့ တောင်းဆိုချက်တွေ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်မထားပေမယ့် ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ရေး၊ စစ်ပွဲကို အပြီးတိုင် ရပ်တန့်ရေးတွေ ပါဝင်ပြီး အမေရိကန် အဓိက အာရုံစိုက်ထားတဲ့ အီရန် နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးမှုတွေကိုတော့ ဆိုင်းငံ့ထားဖို့ အီရန်က အဆိုပြုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မေလ ၁ ရက်နေ့မှာတော့ ထရမ့်က အီရန်ဖက်က အဆိုပြုချက်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ လောလောဆယ်မှာတော့ စိတ်ကျေနပ်မှု မရှိကြောင်း သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။ နှစ်ဖက် ဆွေးနွေးမှုတွေ တိုးတက်မလာတာနဲ့ ပတ်သက်လို့လည်း သူက အီရန် အစိုးရ ခေါင်းဆောင်တွေကြားက ကြီးမားတဲ့ သဘောထား ကွဲလွဲမှုတွေကြောင့်လို့ အပြစ်တင်ခဲ့ပါတယ်။

အမေရိကန် အနေနဲ့ အီရန်နိုင်ငံမှာ ငရဲပွက်သလို ပေါက်ကွဲမှုတွေဖြစ်ပြီး အဆုံးသတ်ပေးလိုက်ဖို့ လိုလားသလား၊ ဒါမှမဟုတ် ကြိုးစားပြီး ညှိနှိုင်းဖို့ လိုလားသလား ဆိုတာကို မေးခွန်းထုတ်ရမှာ ဖြစ်ကြောင်း၊ သူကတော့ လူသားဆန်မှုအရ ပထမ ရွေးချယ်မှုကို မဖြစ်စေချင်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။

စစ်ပွဲကြောင့် အမေရိကန်ရဲ့ စစ်စရိတ် အများအပြား ကုန်ကျမှု၊ အမေရိကန် စစ်သည်တွေ သေကြေဒဏ်ရာရမှု၊ ကမ္ဘာ့ ရေနံစျေးကွက်ကို ကမောက်ကမ ဖြစ်စေခဲ့မှုတွေ အပါအဝင် အနုတ်လက္ခဏာဆန်တဲ့ သက်ရောက်မှုတွေကြောင့် ထရမ့်ဟာ အီရန်စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်စေဖို့ ပြည်တွင်းပြည်ပ ဖိအားပေးမှုတွေနဲ့ အပြင်းအထန် ရင်ဆိုင်နေရပါတယ်။

အီရန်ဟာ အမေရိကန်နဲ့ အစ္စရေးရဲ့ ပူးပေါင်း စစ်ပြုမှုကို တုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံတောင်ပိုင်း ကမ်းလွန်က မဟာဗျူဟာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ထားလိုက်ပါတယ်။ တစ်ဖက်မှာလည်း ဟောမုဇ်အလွန် ပင်လယ်ပြင်ဆီ အီရန် သင်္ဘောတွေ ထွက်လာလို့ မရအောင် အမေရိကန်က စစ်အင်အားသုံးပြီး ပိတ်ဆို့ထားပြန်ပါတယ်။

နှစ်ဖက်ကြား တင်းမာမှုတွေ ရှိနေတဲ့တိုင်အောင် အပစ်ရပ် သဘောတူညီမှုကတော့ ဆက်လက် တည်တံ့နေဆဲပါ။ ဒါပေမဲ့ အစ္စရေး အစိုးရက အီရန်မှာ အကောင်အထည် ဖော်နေတဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေ လက်စမသတ်ရသေးတာကြောင့် စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ဆိုတဲ့ သဘောမျိုး ခြိမ်းခြောက် ပြောဆိုထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် နိုင်ငံသားတွေကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျူးဘား ခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စ်ထရိုကို အမေရိကန်က မျက်ကွယ်မှာ တရားစွဲဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အီရန် အရေးနဲ့ ပတ်သက်ပြီး အဖြေမှန် ရလာဖို့ မျှော်လင့်ချက်နဲ့ ရက်နည်းနည်း စောင့်ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တကယ်လို့ အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေပါ ဖွင့်ပြီး တုံ့ပြန် ဖိအားပေးသွားမယ်လို့ အီရန်စစ်တပ်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားဆီ ရဟတ်ယာဉ်တွေနဲ့ ဆက်စပ် အစိတ်အပိုင်းတွေ ဒေါ်လာ ၄.၂ ဘီလီယံဖိုး ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ပါတယ်။