ဟောမုဇ် ရေလက်ကြားမှာ အမေရိကန်နဲ့ အီရန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး အခြေအနေတွေ တကျော့ပြန် တင်းမာလာနေကြောင်း သိရပါတယ်။
အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားမှုကြောင့် အနီးတဝိုက် ရေပြင်မှာ ပိတ်မိနေတဲ့ အရပ်ဖက် သင်္ဘောတွေကို အမေရိကန် ရေတပ်က ခြံရံစောင့်ရှောက်ပေးပြီး ရွှေ့ပြောင်းနိုင်ဖို့ စီစဉ်လာတဲ့နောက် အခုလို အခြေအနေတွေ ဖြစ်လာတာပါ။
အီရန်နဲ့ အမေရိကန်တို့ဟာ လက်ရှိမှာ အပစ်အခတ် ရပ်စဲထားပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကတော့ တိုးတက်မှု နှေးကွေးနေဆဲ ဖြစ်ပါတယ်။ မေလ ၄ ရက်နေ့မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန် ရေတပ်ဟာ ဟောမုဇ် ရေလက်ကြားထဲမှာ အီရန်ရဲ့ အမြန်တိုက်ရေယာဉ်ငယ် ၇ စီးကို ပစ်ခတ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီနေ့က အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နဲ့ တောင်ကိုရီးယား နိုင်ငံတွေရဲ့ ရေယာဉ်တွေဟာ ဟောမုဇ်မှာ အီရန်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း နှစ်နိုင်ငံစလုံးက အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် အီရန် တိုက်ခိုက်မှုကြောင့် ဖူဂျိုင်ရာမြို့က ရေနံအတင်အချ ဆိပ်ကမ်းတစ်ခုမှာလည်း မီးလောင်မှု ဖြစ်ခဲ့သေးတယ်လို့ ယူအေအီးက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
ရေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Maerskကတော့ အမေရိကန်အလံ လွှင့်ထူထားတဲ့ ရေယာဉ်တစ်စီးဟာ ရေတပ်ရဲ့ ခြံရံစောင့်ရှောက်မှုနဲ့အတူ ဟောမုဇ် ရေလက်ကြားကနေ အောင်အောင်မြင်မြင် ထွက်ခွာနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ထရမ့်က ဟောမုဇ်မှာ ပိတ်မိနေတဲ့ ရေယာဉ်တွေကို ရေတပ်အကူအညီနဲ့ ရွှေ့ပြောင်းပေးတဲ့ အစီအစဉ်ကို Project Freedomလို့ နာမည်ပေးထားပါတယ်။
ထရမ့်က အမေရိကန်ဟာ အီရန်က အမြန် တိုက်ရေယာဉ်တွေလို့ ခေါ်လေ့ရှိတဲ့ လှေငယ် ၇ စီးကို ပစ်ခတ်ခဲ့ကြောင်း၊ အီရန်ရေတပ်မှာလည်း လက်ကျန်ရေယာဉ်ဆိုလို့ အဲဒီ လှေတွေလောက်ပဲ ရှိတော့ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန် စစ်တပ်ရဲ့ ကြေညာချက်မှာတော့ အီရန်ရဲ့ လှေတွေကို ပစ်ခတ်ဖို့အတွက် ရဟတ်ယာဉ်တွေကို အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အီရန်ကတော့ အမေရိကန်ရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားပါတယ်။
အမေရိကန်က ရေတပ်ဖျက်သင်္ဘောတွေနဲ့ အမေရိကန်အလံ လွှင့်ထူထားတဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောတွေက ဟောမုဇ်ကို မေလ ၄ ရက်နေ့မှာ ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း အမေရိကန်က အစောပိုင်းမှာ ကြေညာခဲ့တာကိုလည်း အီရန်ကတော့ မဟုတ်မမှန် သတင်းတွေအဖြစ် ပယ်ချခဲ့ပါတယ်။ ပြီးတော့ အီရန်ဟာ အမေရိကန် ဖျက်သင်္ဘောတွေကို သတိပေး ခြောက်လှန့် ပစ်ခတ်ခဲ့တယ်လို့ ကြေညာခဲ့ပေမယ့် အဲဒီအဆိုကို အမေရိကန်က ငြင်းခဲ့ပါတယ်။ အီရန်ရေတပ်ကတော့ အမေရိကန် စစ်ရေယာဉ်တွေဟာ ကနဦး သတိပေးချက်တွေကို မတုံ့ပြန်ဘဲ ဟောမုဇ်ကို ချဉ်းကပ်ဖို့ ကြိုးစားတဲ့အတွက် သတိပေး ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
ယူအေအီး နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ နိုင်ငံပိုင် ရေနံကုမ္ပဏီ Adoncရဲ့ ရေနံတင် သင်္ဘောတစ်စီးဟာ ဟောမုဇ် ရေလက်ကြားထဲမှာ တိုက်ခိုက်ခံခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။ တောင်ကိုရီးယားကလည်း ယူအေအီး ကမ်းလွန်မှာ ရှိနေတဲ့ နိုင်ငံပိုင် သင်္ဘောတစ်စီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
ယူအေအီး အာဏာပိုင်တွေက မေလ ၄ ရက်နေ့မှာ နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေဟာ ပဲ့ထိန်းဒုံးကျည် ၁၂ စင်း၊ ခရုစ်ဒုံးကျည် ၃ စင်းနဲ့ ဒရုန်း ၄ စင်းတို့ကို ကြားဖြတ် ဟန့်တားခဲ့ရကြောင်း ပြောပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ ဖူဂျိုင်ရာက ဆိပ်ကမ်း မီးလောင်မှုမှာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
နှစ်ဖက်ကြား ပစ်ခတ်မှုတွေကြောင့် အပစ်ရပ် သဘောတူညီမှု ဆက်လက် တည်တံ့ရေးဟာ မရေမရာ ဖြစ်လာခဲ့ပြီး ထရမ့်ကတော့ အီရန်နဲ့ အပစ်ရပ် သဘောတူညီမှု ဆက်ပြီး အသက်ဝင်နေသေးသလား ဆိုတဲ့ မေးခွန်းကို မဖြေလိုကြောင်း ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ ဒါကို မပြောနိုင်ကြောင်း၊ ဒီမေးခွန်းကို အတိအကျ ဖြေလိုက်မယ်ဆိုရင် သူဟာ အမေရိကန် သမ္မတဖြစ်ဖို့ လုံလုံလောက်လောက် မပါးနပ်တဲ့ အဓိပ္ပါယ်မျိုး သက်ရောက်သွားနိုင်ကြောင်း ထရမ့်က ရေဒီယို အစီအစဉ်မှူး ဟုဂျ်ဟီးဝစ်ကို ပြောကြားခဲ့ပါတယ်။
အမေရိကန် စစ်သင်္ဘောတွေကို ပစ်မှတ်ထားဖို့ ကြိုးစားလာမယ်ဆိုရင် အီရန်တပ်တွေကို ကမ္ဘာပေါ်ကနေ ဖျက်ဆီးပြီး ဖျောက်ဖျက်ပစ်လိုက်မယ်လို့ မေလ ၄ ရက်နေ့တုန်းက Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က ခြိမ်းခြောက်ခဲ့ပါသေးတယ်။ သူက အီရန်စစ်တပ်ဟာ လက်တွေ့အားဖြင့်တော့ အဆုံးသတ်သွားနှင့်ပြီးပြီလို့လည်း မှတ်ချက်ပေးသွားပါတယ်။
ကိုးကား: CNN



















































