Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ မြောက်ပိုင်းက မိုးသက်မုန်တိုင်းတွေကြောင့် သေဆုံးသူ ၁၁၁ ဦးထိ ရှိလာ

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မိုးသက်မုန်တိုင်းတွေကြောင့် သေဆုံးသူ ဦးရေဟာ ၁၁၁ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မိုးသက်မုန်တိုင်းတွေကြောင့် သေဆုံးသူ ဦးရေဟာ ၁၁၁ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

အူတာပရာဒက်ရှ် ပြည်နယ်ထဲမှာ မေလ ၁၃ ရက်နေ့တုန်းက မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လေမုန်တိုင်းတွေတိုက်၊ မိုးကြိုးတွေပစ်ချတဲ့ ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုမျိုးကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ မိုးသက်မုန်တိုင်းတွေအတွင်း လူအသေအပျောက်တွေ ရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပြီး မေလ ၁၅ ရက် မနက်ပိုင်းမှာတော့ ၁၁၁ ဦးထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

မိုးသက်မုန်တိုင်း ကာလမှာ လေတိုက်နှုန်းတွေက အရမ်းကြမ်းခဲ့ပြီး သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ကုန်သလို အိမ်အမိုးတွေပါ လန်ထွက်ပြီး လေထဲလွင့်ကုန်ပါတယ်။ လမ်းတွေပေါ်မှာလည်း အပျက်အစီးတွေနဲ့ ပိတ်ဆို့ကုန်ပါတယ်။

လူဦးရေ သန်းပေါင်း ၂၄၀ ကျော် နေထိုင်တဲ့ အူတာပရာဒက်ရှ် ပြည်နယ်ဟာ နွေရာသီ ကာလတွေမှာ မိုးသက်မုန်တိုင်း၊ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်တာမျိုး နှစ်စဉ်လိုလို ကြုံရတတ်ပါတယ်။ မေလ ၁၃ ရက်နေ့ ညပိုင်းတုန်းက မိုးသက်မုန်တိုင်းတွေကြောင့် သေဆုံးသူ ၈၉ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ထားခဲ့ရာက အခုလိုမျိုး ရာဂဏန်း ကျော်လွန်တဲ့ထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရသူကတော့ ၇၂ ဦး ရှိခဲ့ပြီး အိမ်ခြေ ၂၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – AP

The Times of India သတင်းဌာနကတော့ သေဆုံးစာရင်းဟာ ၁၁၇ ဦးထိ ရှိလာပြီလို့ ဖော်ပြခဲ့ပေမယ့် အာဏာပိုင်တွေကတော့ ၁၁၁ ဦးလို့ပဲ ထုတ်ပြန်ထားဆဲပါ။

လူမှုကွန်ရက်ပေါ် လူပြောများနေတဲ့ ဗီဒီယို တစ်ခုထဲမှာတော့ ဘာရိုင်လီ ခရိုင်ထဲမှာ လေပြင်းကြောင့် အဆောက်အအုံ သတ္တုအမိုးတွေ အချပ်လိုက် လန်ကျသွားချိန် လူတစ်ဦးကလည်း လေထဲ အမြင့်ကြီး မြောက်တက်ပြီး ပြန်ပြုတ်ကျသွားတာကို တွေ့ခဲ့ရပါတယ်။ အဲဒီ ဗီဒီယိုဟာ တကယ့်ဖြစ်ရပ်မှန်လား၊ လုပ်ကြံဖန်တီးထားတာလား ဆိုတာကို အတည်မပြုနိုင်သေးကြောင်း AFP သတင်းဌာနက ပြောပါတယ်။

ဒါပေမဲ့ ပြည်တွင်း သတင်းဌာန တစ်ခုဖြစ်တဲ့ PTIကတော့ အဲဒီအမျိုးသားနဲ့ စကားပြောခွင့်ရခဲ့ကြောင်း၊ သူဟာ အသက်ရှင်ခဲ့ပြီး ဆေးရုံတက်နေရကြောင်း ဖော်ပြခဲ့ပါတယ်။ နန်ဟီ အန်ဆာရီဆိုတဲ့ အလုပ်ကြမ်းသမားက သူဟာ လေအရမ်းပြင်းချိန် သွပ်မိုးတွေ ကွာထွက်မသွားအောင် ကြိုးတွေနဲ့ ချည်နှောင်နေချိန်မှာပဲ အမိုးတစ်ခုလုံး အပြားလိုက် လန်ထွက်သွားတာကြောင့် လေထဲ လွင့်ပါသွားတာလို့ ပြောပါတယ်။

သူဟာ ပေ ၅၀ အမြင့်လောက်ထိ မြောက်တက်ပြီး ပေ ၈၀ လောက် အကွာမှာ ပြုတ်ကျခဲ့ကြောင်း၊ သူသေပြီလို့ တစ်ထစ်ချ တွက်ခဲ့ပေမယ့် အသက်ရှင်ခဲ့ကြောင်း အန်ဆာရီက ပြောပါတယ်။

ကမ္ဘာကြီး ပိုမိုပူနွေးလာခြင်းနဲ့အတူ ရာသီဥတု ဖြစ်စဉ်တွေအပေါ် သက်ရောက် ပြောင်းလဲမှုတွေ ရှိလာနေကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။ အိန္ဒိယ မိုးလေဝသ အေဂျင်စီက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အိန္ဒိယဟာ ကြမ်းတမ်းတဲ့ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်တာ အပါအဝင် ပြင်းထန်တဲ့ ရာသီဥတု အပြောင်းအလဲတွေနဲ့ ပိုမို တွေ့ကြုံလာနေရကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံထဲကတော်လှန်ရေးအင်အားစု တချို့ကို လေ့ကျင့်ပေးခဲ့ကြောင်းစွပ်စွဲခံရသူ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ယူကရိန်းနိုင်ငံသား ၆ ဦးကိုအိန္ဒိယကအိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။