လေ့ကျင့်ရေး မစ်ရှင်အတွင်း ထိုင်ဝမ်စစ်တပ်ရဲ့ အမောင်းသင် လေယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် ၂ ဦး သေဆုံးသွားကြောင်း သိရပါတယ်။
ဇွန်လ ၂ ရက်နေ့မှာ T-34 အမောင်းသင် လေယာဉ်ငယ်ရဲ့ အင်ဂျင်ချွတ်ယွင်းသွားတဲ့အခါ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကို သရုပ်တူလေ့ကျင့်နေချိန် လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့တာလို့ ထိုင်ဝမ်စစ်တပ်က ထုတ်ပြန်ပါတယ်။
လေယာဉ်ဟာ ကျွန်းနိုင်ငံရဲ့ တောင်ဖက်မှာရှိတဲ့ ခိုဆွန် ဆိပ်ကမ်းမြို့နားက ဂန်ရှန် လေတပ်စခန်းရဲ့ လေယာဉ်ပြေးလမ်း အဆုံးနားမှာ ပျက်ကျခဲ့တာပါ။ လေယာဉ် ပျက်ကျရမှု အကြောင်းရင်းကို လောလောဆယ် မသိရသေးပါဘူး။
ကာကွယ်ရေး ဝန်ကြီးဌာနက သေဆုံးသူ လေယာဉ်မှူး နှစ်ဦးရဲ့ မျိုးရိုးနာမည်တွေဖြစ်တဲ့ လုနဲ့ ချောင်လို့ပဲ ဖော်ပြထားပြီး နှစ်ဦးစလုံး ဒုတိယ ဗိုလ်မှူးကြီးတွေလို့ ကြေညာထားပါတယ်။ ထိုင်ဝမ် လေတပ်ဟာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ခုကို ဖွဲ့စည်းထားပါတယ်။

Public Service Announcement
ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက လေယာဉ်မှူးတွေရဲ့ သူရဲကောင်းဆန်တဲ့ ကျဆုံးမှုအတွက် အလေးအနက် စိတ်မကောင်း ဖြစ်ရကြောင်း၊ နိုင်ငံအတွက် သူတို့ရဲ့ ပေးဆပ် စွန့်လွှတ်ခဲ့ရမှုကို အစဉ် သတိရနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ Beechcraft ကုမ္ပဏီက ထုတ်လုပ်တဲ့ ပန်ကာတစ်လုံးတပ် T-34တွေကို ထိုင်ဝမ်လေတပ်မှာတော့ အဓိက အမောင်းသင်လေယာဉ်တွေအဖြစ် အသုံးပြုနေပါတယ်။
ဇန်နဝါရီလတုန်းကလည်း ထိုင်ဝမ်လေတပ်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လေ့ကျင့်ပျံသန်းနေရင်း အရှေ့ဖက် ပင်လယ်ပြင်မှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်မှူးဟာ လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့တယ်လို့ ယုံကြည်ရပေမယ့် သူ့ကို ကယ်ဆယ်ရေးတွေက ရှာမတွေ့တော့ပါဘူး။
ကိုးကား: AFP


















































