အယ်လ်နီညို အပူလှိုင်းဒဏ်ရဲ့ ဆိုးရွားတဲ့ ဖိစီးမှုတွေ အချိန်မရွေး ပြန်ရောက်လာနိုင်ပြီး ကမ္ဘာကြီး အနေနဲ့ ကြိုတင် ပြင်ဆင်ထားဖို့လိုကြောင်း ကုလသမဂ္ဂ (UN)က သတိပေးခဲ့ပါတယ်။
ဆိုးရွားပြင်းထန်တဲ့ အယ်လ်နီညို ဖြစ်စဉ်တွေဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေကို ပိုပြီးတော့ လွန်လွန်ကဲကဲ အားဖြည့်ပေးလိမ့်မယ်လို့လည်း ဆိုပါတယ်။
နှစ်အပိုင်းအခြား တစ်ခုအတွင်း အကြိမ်ကြိမ် ပြန်ပေါ်လာတတ်တဲ့ အယ်လ်နီညို ဖြစ်စဉ်ဟာ ကမ္ဘာ့ရာသီဥတု အပူချိန်ကို မြင့်တက်စေသလို မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကိုလည်း ပိုမိုဆိုးရွားစေတတ်ပါတယ်။
UNရဲ့ ကမ္ဘာ့မိုးလေဝသ အဖွဲ့ကြီး (WMO)က ကမ္ဘာကြီးမှာ အယ်လ်နီညို ဖြစ်စဉ် ကြုံတွေ့လာနိုင်ခြေဟာ စက်တင်ဘာလ မတိုင်ခင်ထိ ၈၀ ရာခိုင်နှုန်း၊ နိုဝင်ဘာလ မတိုင်ခင်ထိ ၉၀ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။

Public Service Announcement
နောက်ပြီး မကြာခင် ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ အယ်လ်နီညိုဟာ အခု ရာစုနှစ်အတွင်း ကြုံဖူးသမျှ အလားတူ ဖြစ်စဉ် အားလုံးမှာ အပြင်းထန်ဆုံး ဖြစ်လာနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။ WMOရဲ့ အတွင်းရေးမှူး ဆီလက်စ်တီ ဆော်လိုကတော့ လက်ရှိ ကြုံတွေ့နေတဲ့ ပြောင်းလဲမှု၊ သက်ရောက်မှု ညွှန်ကိန်းတွေကတော့ ပြင်းထန်တဲ့ အယ်လ်နီညိုတစ်ခု အစပျိုးလာနိုင်တယ် ဆိုတဲ့ ဖြစ်နိုင်ခြေဆီ ဦးတည်နေကြကြောင်း ဆိုပါတယ်။
UNရဲ့ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ ကမ္ဘာကြီး အနေနဲ့ အခုကိစ္စကို အရေးပေါ် ရာသီဥတုဆိုင်ရာ သတိပေးချက် တစ်ခုအဖြစ် ယူဆပြီး အလေးထား ပြင်ဆင်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ အယ်လ်နီညိုဟာ ပူနွေးလာတဲ့ ကမ္ဘာကြီးအတွက် လောင်စာဆီ လောင်းပေးလိုက်သလို ဖြစ်လာမှာလို့ သူက ပြောပါတယ်။ အယ်လ်နီညို အပူလှိုင်းရဲ့ သက်ရောက်မှုဟာ ပိုပြင်းထန်ပြီး နယ်ပယ်လည်း ပိုကျယ်ဝန်းနိုင်ကြောင်း၊ နိုင်ငံတွေနဲ့ ဒေသတွေကို အရမ်းမြန်ဆန်တဲ့နှုန်းနဲ့ ပျံ့နှံ့သွားနိုင်ကြောင်း ဂူတာရက်စ်က ဆိုပါတယ်။
နောက်ဆုံး အယ်လ်နီညို ဖြစ်စဉ်ကို ၂၀၂၃-၂၄ ကာလအတောအတွင်း ကြုံခဲ့ပြီး ၂၀၂၄ နှစ်ဆန်းပိုင်းမှာတော့ ကမ္ဘာ့နေရာတချို့မှာ စံချိန်တင် အပူချိန်မြင့်တက်မှုတွေ ကြုံခဲ့ပါတယ်။
အယ်လ်နီညိုဟာ ကမ္ဘာအနှံ့က ရာသီဥတု ဖြစ်စဉ်တွေ အပေါ်မှာလည်း သက်ရောက် ပြောင်းလဲမှုတွေ ရှိစေနိုင်ပါတယ်။ ပိုမိုပူနွေးလာတဲ့ ပစိဖိတ် သမုဒ္ဒရာ ရေပြင်ပေါ်မှာ အားကောင်းတဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်လာနိုင်ခြေ မြင့်တက်လာပြီး အတ္တလန္တိတ် သမုဒ္ဒရာမှာတော့ အဲဒီဖြစ်နိုင်ခြေက လျော့နည်းသွားနိုင်တယ်လို့ ဆိုပါတယ်။
အီရန်စစ်ပွဲကြောင့် နိုင်ငံတကာ ဓာတ်မြေဩဇာ တင်ပို့မှုမှာ ကြီးမားတဲ့ အနှောင့်အယှက်တွေ ကြုံနေရပြီး အယ်လ်နီညိုကြောင့် စိုက်ခင်းတွေ ထိခိုက်ပျက်စီးတဲ့အခါ ကမ္ဘာ့စားနပ်ရိက္ခာ ပြဿနာ ပိုမို ကြီးထွားလာနိုင်ခြေအပေါ် စိုးရိမ်မှုတွေလည်း ရှိနေကြောင်း သိရပါတယ်။
ကိုးကား: Guardian


















































