တောင်တရုတ်ပင်လယ်ထဲက ကျွန်းငယ်တွေမှာ ကင်းလှည့်တာဝန်ယူဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ စက်ရုပ်ခွေးတွေကို ထိုင်ဝမ်စစ်တပ်က မိတ်ဆက် ပြသခဲ့ပါတယ်။
ထိုင်ဝမ် အစိုးရက ပိုင်ဆိုင်တဲ့ လက်နက် ထုတ်လုပ်ရေး ထိပ်တန်း လုပ်ငန်းစုကြီး ချန်ရှန်း အမျိုးသား သိပ္ပံနဲ့ နည်းပညာ ဌာနက ဇွန်လ ၂ ရက်နေ့က မီဒီယာ မိတ်ဆက်ပွဲ အခမ်းအနား တစ်ခုမှာ စက်ရုပ်ခွေးတွေအဖြစ် တည်ဆောက်ထားတဲ့ ဒရုန်းသုံးခုကို ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အဆင့်မြှင့်တင် မွမ်းမံတည်ဆောက်နေဆဲ ဖြစ်ပေမယ့် အဲဒီ စက်ရုပ်ခွေးတွေဟာ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်ထဲက ထိုင်ဝမ်ပိုင် ကျွန်းတွေကို ကင်းလှည့်စောင့်ကြပ်ပေးဖို့ အနာဂတ်မှာ တာဝန်ယူလာနိုင်တယ်လို့ အဲဒီဌာနက ပြောပါတယ်။
စက်ရုပ်ခွေးတွေကိုတော့ အမေရိကန်ရဲ့ ခြေလေးချောင်းထောက် စက်ရုပ်ဒရုန်းတွေ တည်ဆောက်တဲ့ Ghost Robotics ကုမ္ပဏီရဲ့ နည်းပညာ အကူအညီနဲ့ ဖန်တီးထားတာလို့ ဆိုပါတယ်။ ကင်းလှည့်မှု၊ ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးအတွက် ကွဲပြားတဲ့ ကိရိယာတွေ၊ လက်နက်တွေကို စက်ရုပ်ခွေးတွေမှာ တပ်ဆင်ထားပါတယ်။ အောက်ခံ ပလက်ဖောင်းဖြစ်တဲ့ ခြေလေးချောင်းထောက် ဒရုန်းတွေကို Ghost Roboticsက အဓိက တည်ဆောက်ပြီး တွဲဖက်ပေးထားတဲ့ စနစ်တွေကတော့ ထိုင်ဝမ်ရဲ့ ပြည်တွင်းဖြစ် နည်းပညာတွေကို အသုံးပြုထားပါတယ်။

Public Service Announcement
ထိုင်ဝမ်မှာ ကမ်းခြေစောင့် တပ်ဖွဲ့တွေနဲ့ မရိန်းတပ်သားတွေ ရှိပေမယ့်လည်း ကျယ်ပြန့်တဲ့ ကမ်းရိုးတန်းနဲ့ ကျွန်းတွေကို အချိန်ပြည့် စောင့်ကြည့်ဖို့ကတော့ ခက်ခဲကြောင်း၊ ထိုင်ဝမ်စစ်တပ်ဟာ တရားဝင် မမှာယူသေးပေမယ့် အခု စက်ရုပ်ခွေးလို တီထွင်မှုတွေကို အမှန်တကယ် လိုအပ်ကြောင်း ဌာနရဲ့ ဒုံးကျည် သုတေသန ယူနစ် ဒုတိယ အကြီးအကဲ ချန်ကောင်ကောင်းက ပြောကြားခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက် အငြင်းပွားသံတွေ အကျယ်လောင်ဆုံး သတင်းကြားရတဲ့ စပရတ်လေ ကျွန်းစုမှာ ထိုင်ဝမ်က ထိန်းချုပ်ထားတဲ့ အဓိက ကျွန်းတစ်ခု ရှိနေပါတယ်။ အဲဒီကျွန်းကို အစ်တူအဘာလို့ခေါ်ပြီး မဟာဗျူဟာအရ အချက်အခြာကျတဲ့ နေရာမှာ ရှိနေပါတယ်။ ကျွန်းပေါ်မှာ လူမနေဘဲ ကမ်းခြေစောင့် တပ်ဖွဲ့တစ်ခုသာ အခြေစိုက်ထားပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တစ်ခုလုံးနီးပါးကို ပိုင်နက်နယ်မြေအဖြစ် သိမ်းသွင်း သတ်မှတ်ထားတာကြောင့် ထိုင်ဝမ် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့လည်း အငြင်းပွားမှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အစ်တူအဘာနဲ့ အနီးတဝိုက်မှာ တရုတ် ကင်းလှည့်ရေယာဉ်တွေရဲ့ ခုတ်မောင်းမှုတွေ ပိုမို များပြားလာတဲ့ အပေါ်မှာလည်း ထိုင်ဝမ်က ကန့်ကွက်ထားပါတယ်။
ကိုးကား: Reuters


















































