ဇွန်လ နှောင်းပိုင်းလောက်တုန်းက မြန်မာနိုင်ငံရဲ့ လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ဓာတ်ပုံတစ်ပုံ အတော်လေး လူပြောများပြီး ပျံ့နှံ့သွားခဲ့ပါတယ်။ အရပ်ရှည်ရှည် တုတ်တုတ်ခိုင်ခိုင်နဲ့ ရုရှား လူထွားကြီးတွေကြားမှာ ပုပုညှက်ညှက် အာရှသားတစ်ယောက်က ဘွဲ့ဝတ်စုံကြီး တကားကားနဲ့ ရှိနေတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။
အခမ်းအနား ဝတ်စုံကို ပုံမကျပန်းမကျ ဝတ်ထားတဲ့သူက မြန်မာနိုင်ငံရဲ့ အာဏာသိမ်း စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကလွဲလို့ တခြား မဖြစ်နိုင်ပါဘူး။ လူမှုကွန်ရက်ပေါ်မှာ သူ့ကို ခါးသီးတဲ့၊ ဆဲရေးတဲ့ မှတ်ချက်တွေ ပလူပျံအောင် ရေးသားနေကြပေမယ့် ရုရှားတွေ အမြင်မှာတော့ သူဟာ လှောင်ပြောင် နှိမ့်ချစရာ ဟုတ်ပုံမပေါ်ဘူး။

မြန်မာစစ်ခေါင်းဆောင် ဝတ်ထားတဲ့ ကြက်သွေးရောင် ဝတ်စုံဟာ ရုရှား လက်နက်ကိုင် စစ်တက္ကသိုလ်ရဲ့ ရိုးရာ ဘွဲ့ဝတ်စုံ ဖြစ်ပါတယ်။ ဇွန်လ ၂၂ ရက်ကနေ ၂၄ ရက်အတွင်း မော်စကို မြို့တော်ကို သူရောက်ရှိနေချိန် အတောအတွင်း မင်းအောင်လှိုင်ကို ရုရှားက ဂုဏ်ထူးဆောင် ပရော်ဖက်ဆာဘွဲ့ အပ်နှင်းလိုက်တာပါပဲ။
ဖေဖော်ဝါရီ ၁ ရက်က စစ်တပ် အာဏာသိမ်းမှုနဲ့အတူ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ ရိုက်ချိုးခံလိုက်ရချိန်ကစပြီး ရုရှားဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရကို ပေါ်ပေါ်ထင်ထင်၊ ပွင့်ပွင့်လင်းလင်း အထောက်ခံဆုံး ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ဖြိုခွင်းနေချိန်မှာလည်း ရုရှားက မြန်မာ စစ်ခေါင်းဆောင်တွေဖက်က ရပ်တည်ခဲ့ပါတယ်။
“ရှိရင်းစွဲ အပြန်အလှန် လေးစားမှု၊ နားလည်းမှု၊ ယုံကြည်မှုတွေကို အခြေပြုပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို အားကောင်း ခိုင်မာအောင် တည်ဆောက်သွားဖို့ ကျွန်ုပ်တို့ ရည်စူးထားပါတယ်”လို့ ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျီရွှိုင်ဂူက မြန်မာ့ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန် ဇွန်လ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရွှိုင်ဂူက “အချိန်ကာလရဲ့ တိုက်စား စမ်းသပ်မှုတွေကို ကြံ့ကြံ့ခံနိုင်တဲ့ လက်တွဲဖော်အဖြစ်ရော၊ အရှေ့တောင်အာရှနဲ့ အာရှ-ပစိဖိတ် ရပ်ဝန်းမှာ ယုံကြည်အားကိုးရတဲ့ မဟာမိတ် အနေနဲ့ပါ မြန်မာနိုင်ငံကို သတ်မှတ် ယူဆထားတဲ့အတွက် ဒီတွေ့ဆုံမှုကို ရုရှားဖက်က အထူးအလေးထားပါတယ်”လို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါသေးတယ်။ မင်းအောင်လှိုင်ကလည်း ရုရှားဟာ သူ့အတွက် ထာဝရ မိတ်ဆွေ ဖြစ်တယ်လို့ ရည်ညွှန်းသွားခဲ့ကြောင်း ရုရှား မီဒီယာတွေက ဖော်ပြကြပါတယ်။
အနောက်နိုင်ငံတွေက မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ လက်နက် ရောင်းချခွင့်တွေ တားဆီး ပိတ်ပင်လာချိန်မှာ ရုရှားကတော့ မြန်မာအတွက် လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ အဓိက ထောက်ပံ့တဲ့ နိုင်ငံတစ်ခု ဖြစ်လာပါတယ်။
စတော့ခ်ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI)ရဲ့ လေ့လာမှုတွေအရ မြန်မာနိုင်ငံဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၈ အတွင်း ရုရှားဆီကနေ စစ်လက်နက်တွေ ဒေါ်လာ ၁.၅ ဘီလီယံဖိုးလောက် ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အဲဒီ ကာလအတွင်း မြန်မာရဲ့ စစ်လက်နက် သွင်းကုန်တန်ဖိုး စုစုပေါင်းရဲ့ ၃၉ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။
Mi-35 Hind တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ၊ MiG-29 တိုက်လေယာဉ်တွေ၊ Yak-130 မြေပြင်စစ်ဆင်ရေး တိုက်လေယာဉ်တွေလို ရုရှားလုပ် စစ်လက်နက်တွေကို တိုင်းရင်းသား နယ်မြေတွေနဲ့ ရှေ့တန်း စစ်မျက်နှာတွေမှာ ဗုံးကြဲဖို့၊ လေကြောင်း စစ်ဆင်ရေးတွေ ဆင်နွှဲဖို့ မြန်မာစစ်တပ်က တွင်တွင်ကျယ်ကျယ် သုံးစွဲနေတာ တွေ့နိုင်ပါတယ်။
စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် မြို့ကြီးပြကြီးတွေက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အများအပြားဟာ နေရပ်ကို စွန့်ခွာပြီး တိုင်းရင်းသား နယ်မြေတွေဆီ သွားရောက် ခိုလှုံနေကြရပါတယ်။ မြန်မာ စစ်တပ်က ရုရှားလုပ် စစ်လက်နက်တွေကို သုံးစွဲပြီး စစ်ဆင်ရေးတွေ ဆင်နွှဲနေရာကနေ နောက်ထပ် ဒုက္ခသည်ရေးရာ ပြဿနာတွေလည်း ပေါ်ပေါက်လာပြန်ပါတယ်။ ထိုင်းဖက်ခြမ်းနဲ့ အိန္ဒိယဖက်ခြမ်း နယ်စပ်တွေမှာ စစ်ဘေးရှောင် မြန်မာဒုက္ခသည်တွေ စုပြုံရောက်ရှိနေတာမျိုးတွေ ကြုံတွေ့လာရပါတယ်။
တပ်မတော်လို့ ညွှန်းဆို သုံးနှုန်းထားတဲ့ မြန်မာစစ်တပ်က ရုရှားနဲ့ သဘောတူညီမှုတွေ ရယူနေတာဟာ တစ်ဖက်က ကြည့်ရင်လည်း လက်နက် ဝယ်ယူရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေကို လျှော့ချချင်တဲ့ မူဝါဒရေးရာ ရွှေ့ကွက်မျိုးနဲ့ ဆက်နွှယ်နေပြန်ပါတယ်။ ၂၀၀၆ ခုနှစ်ကစလို့ ရုရှား အစိုးရပိုင် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး MiGဟာ လက်နက် အရောင်းအဝယ် ကိစ္စတွေနဲ့ ပတ်သက်လို့ ရန်ကုန်မှာ ရုံးခန်း ဖွင့်လှစ်ထားခဲ့ပါတယ်။ အခုတော့ MiGကို United Aircraft Corporation (UAC)ဆိုတဲ့ နာမည်နဲ့ ပြန်လည် ပြင်ဆင် ဖွဲ့စည်းထားပါပြီ။
မြန်မာဖက်က ချဉ်းကပ် ကမ်းလှမ်းမှုတွေ မြင့်တက်လာခြင်းနဲ့အတူ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း ရုရှားဟာ ထောင်သောင်းချီ များပြားတဲ့ မြန်မာ စစ်သားတွေအတွက် လေ့ကျင့်ရေး အစီအစဉ်တွေ၊ တက္ကသိုလ် ပညာသင်ခွင့်တွေ ထောက်ပံ့ပေးလာခဲ့ကြောင်း ဇွန်လ ၂၃ ရက်က Reuters သတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာ စစ်တပ်နဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်နေတဲ့ ရုရှားရဲ့ ရည်မှန်းချက်ဟာ လက်နက် ရောင်းချဖို့၊ စစ်သင်တန်းကြေးတွေ ရရှိဖို့ ဆိုတာထက် အများကြီး ပိုတယ်လို့ ကျွမ်းကျင်သူတွေရော၊ လေ့လာသူတွေကပါ တူတူညီညီ သုံးသပ်ထားကြပါတယ်။
“မြန်မာနဲ့ ဆက်ဆံရေး ချဲ့ထွင်နေတာဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ပထဝီဝင် မဟာဗျူဟာတွေနဲ့ ကိုက်ညီနေပုံပါပဲ။ အနောက်အုပ်စု နိုင်ငံတွေက ဒေသတွင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီ လမ်းကြောင်းနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းစေချင်တာကို ရုရှားက ရှေ့ဆက်ပြီး ဖျက်လိုဖျက်ဆီး လုပ်နေနိုင်ပါလိမ့်မယ်”လို့ ဩစတြေးလျ အခြေစိုက် သုတေသီ တစ်ဦးဖြစ်တဲ့ ဟန်တာ မတ်စတန်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒေသတွင်းမှာ မဟာဗျူဟာ ခြေကုပ် ပြန်လည် ရယူရေးဆိုတဲ့ ရုရှားရဲ့ ပိုမိုကျယ်ပြန့်တဲ့ ရည်မှန်းချက်ကြီးအတွက် အစိတ်အပိုင်း တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ဆိုဗီယက် ယူနီယံဟာ အတိတ်တုန်းက အရှေ့တောင်အာရှ ဒေသကို လွှမ်းမိုးထားတဲ့ အဓိက စူပါပါဝါ အင်အားစုကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၇၈ မှာ ဗီယက်နမ်အရေး စတင် စွက်ဖက်ခဲ့ရာက အစပြုခဲ့တဲ့ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား ကွန်မြူနစ် အစိုးရတွေနဲ့ ဆက်ဆံရေးကိုလည်း ရုရှားက ဆက်လက် ထိန်းသိမ်းထားဆဲပါ။ (ရုရှားဟာ ကွန်မြူနစ် အစိုးရ အုပ်စိုးနေတာ မဟုတ်တဲ့ အိန္ဒိယနဲ့လည်း အားကောင်းတဲ့ မဟာဗျူဟာ ဆက်ဆံရေးမျိုး တည်ဆောက်ထားပါတယ်)
၁၉၉၁ ခုနှစ်မှာ ဆိုဗီယက် ယူနီယံကြီး ပြိုကွဲသွားတဲ့နောက် ရုရှားဟာ သမ္မတ ဘောရစ် ယဲလ်ဆင် လက်ထက်မှာ ၈ နှစ်လောက် မတည်မငြိမ် ဖြစ်သွားခဲ့ပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်းမှာ ရုရှားရဲ့ ဩဇာ လွှမ်းမိုးမှုကလည်း လျင်လျင်မြန်မြန် ကျဆင်းသွားပါတော့တယ်။
ဒါပေမဲ့ ပူတင်ရဲ့ အစိုးရ လက်ထက်မှာတော့ အဲဒီ ပျက်စီးသွားခဲ့တဲ့ ဆက်ဆံရေးတွေကို နှေးကွေးပေမယ့် တဖြည်းဖြည်းချင်း ခိုင်မာအောင် ပြန်တည်ဆောက်နေတာ သေချာပါတယ်။ အထူးသဖြင့် လက်နက် အရာင်းအဝယ် ကိစ္စတွေကို အဓိက အထောက်အပံ့အနေနဲ့ အသုံးချနေပါတယ်။ ဒီတော့ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံအပေါ် ဩဇာဖြန့်ကျက်ဖို့၊ အနောက်အုပ်စုရဲ့ ကြားဝင်လာနိုင်ခြေတွေကို တွန်းလှန်ဖို့ မဟာ့မဟာ အခွင့်အရေးကောင်း တစ်ရပ်အဖြစ် ရုရှားက ရှုမြင်ခဲ့ပုံပါပဲ။
သေချာတာကတော့ မင်းအောင်လှိုင်ဟာ အခုမှ ရုရှားကို ကတိုက်ကရိုက် ပထမဆုံးအကြိမ် ခရီးထသွားခဲ့တာ မဟုတ်ဘူး ဆိုတာပါပဲ။ ၂၀၁၃ ခုနှစ်၊ ဇွန်လတုန်းက သူဟာ ရွှိုင်ဂူရဲ့ ဖိတ်ကြားမှုအရ လက်နက် အရောင်းအဝယ် ကိစ္စအတွက် ရုရှားကို သွားရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ခရီးစဉ်ကို အပြန်အလှန် အကျိုးဖြစ်ထွန်းစေတဲ့ ကိစ္စတစ်ရပ်လို့ ရုရှားက ရည်ညွှန်းခဲ့တယ်။
၂၀၁၆ တုန်းက နောက်တစ်ကြိမ် ခရီးစဉ်မှာတော့ ရုရှားနဲ့ မြန်မာတို့ဟာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီ စာချုပ်က မြန်မာနဲ့ ရုရှား စစ်တပ်တွေရဲ့ စစ်ရေး စွမ်းရည် အသင့်ပြင်ဆင်မှုကို အားကောင်းစေဖို့ ကဏ္ဍပေါင်းစုံ ပူးပေါင်းရေးအတွက် လမ်းပွင့်သွားစေခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ ရွှိုင်ဂူက ရုရှား အနေနဲ့ ဒီသဘောတူညီမှုရဲ့ မဟာဗျူဟာ အရေးပါမှုကို အထူးတလည် အာရုံစိုက်ထားကြောင်း အသိပေးခဲ့ပါတယ်။ မြန်မာ ဆိပ်ကမ်းတွေမှာ ရုရှားရဲ့ စစ်သင်္ဘောတွေ ဆိုက်ကပ်ရေး ကိစ္စကို အထူးအလေးထားကြောင်းနဲ့ မြန်မာ စစ်သင်္ဘောတွေလည်း ရုရှားကို လာရောက် လည်ပတ်ဖို့ မျှော်လင့်ထားကြောင်း ရွှိုင်ဂူက ပြောကြားခဲ့ပါတယ်။
ဒီသဘောတူညီမှုတွေဟာ ၂၀၁၀ ပြည့်နှစ်မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်း အစိုးရအဖွဲ့ အာဏာရလာပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ကာလတို ယုတ်လျော့ ကျဆင်းသွားတဲ့ အခြေအနေတွေကို ပြန်လည် ပြင်ဆင် ကုစားပြီးသား ဖြစ်စေခဲ့ပါတယ်။ ဦးသိန်းစိန် လက်ထက်မှာ မြန်မာ စစ်သားတွေကို ရုရှားနိုင်ငံဆီ ပညာတော်သင် စေလွှတ်တော့မှာ မဟုတ်ကြောင်း ကြေညာခဲ့ဖူးပါတယ်။
ဒါကလည်း အဲဒီတုန်းက အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပိုမို လမ်းဖွင့်ပေးပြီး ကြားနေသဘော ပိုဆန်တဲ့ နိုင်ငံရေး မူဝါဒမျိုးကို ပြောင်းလဲမယ့် အစီအမံရဲ့ အစိတ်အပိုင်း တစ်ရပ် အနေနဲ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ရုရှားနဲ့ ယှဉ်ရင် တရုတ်အပေါ် အတော်လေး လွန်လွန်ကဲကဲ မှီခိုခဲ့ရတာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့ပါတယ်။ ဒီအပြောင်းအလဲရဲ့ အရှိန်အဟုန်ဟာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတုန်းက အမေရိကန် သမ္မတ ဘာရတ် အိုဘားမားရဲ့ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်နဲ့အတူ အမြင့်ဆုံး အခြေအနေထိ ရောက်ရှိခဲ့ပါတယ်။
တကယ့် ပကတိ အခြေအနေမှာတော့ မြန်မာ စစ်တပ် အရာရှိတချို့ဟာ ရုရှားရဲ့ စစ်သင်တန်းကျောင်းတွေ၊ လေ့ကျင့်ရေး အကယ်ဒမီတွေမှာ အဲဒီကတည်းက ဆက်ရှိနေခဲ့ကြပါတယ်။ အွမ့်စ်ခ် အင်ဂျင်နီယာ သိပ္ပံဌာန၊ မော်စကိုက လေတပ် အင်ဂျင်နီယာ အကယ်ဒမီနဲ့ နစ်ဇ်နီ နော့ဗ်ဂိုရတ်ဒ် စီမံအုပ်ချုပ်ရေး အကယ်ဒမီလို နေရာမျိုးတွေမှာပါ။ တချို့ကလည်း ရုရှားလေတပ်မှာ သင်တန်းသားသစ် အနေနဲ့ ရှိနေခဲ့ပြီး မြန်မာစစ်တပ်က ဝယ်ယူထားတဲ့ MiG တိုက်လေယာဉ်တွေကို မောင်းနှင်ဖို့ အတွေ့အကြုံ ရှာဖွေ သင်ယူနေခဲ့ပါတယ်။
ပိုပြီး ငြင်သာတဲ့ လွှမ်းမိုးမှု အပိုင်းမှာတော့ ရန်ကုန် နိုင်ငံခြား ဘာသာသင် တက္ကသိုလ်မှာ ရုရှား ဘာသာရပ်ကို ထည့်သွင်းသင်ကြား ပို့ချလာခဲ့ပြီး ၂၀၁၄ မှာတော့ မြို့တော်ဟောင်း ရန်ကုန်မှာ ရုရှား ယဉ်ကျေးမှု စင်တာ တစ်ခုကို ဖွင့်လှစ်စေခဲ့ပါတယ်။
ရုရှားဟာ မြန်မာနိုင်ငံ တစ်ခုတည်းမှာပဲ လက်နက် ရောင်းနေတာ မဟုတ်ဘဲ အရှေ့တောင်အာရှ နိုင်ငံတွေကြား ပြိုင်ဆိုင်မှုကိုပါ တစ်ဖက်တစ်လမ်းကနေ ကာလရှည်ကြာ မီးစာဖြည့်ပေးနေခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူ အခြေစိုက် အရှေ့တောင်အာရှရေးရာ လေ့လာမှု ဌာနရဲ့ အချက်အလက်တွေက ဗီယက်နမ်ဟာ ရုရှားရဲ့ စစ်လက်နက်တွေကို ပိုမို ဝယ်ယူလာခဲ့ကြောင်း ညွှန်ပြနေပြီး ၁၉၉၅ ကနေ ၂၀၁၉ ခုနှစ်အတွင်း ရုရှား စစ်လက်နက် ဒေါ်လာ ၇.၃၈ ဘီလီယံဖိုးထိ ဖြည့်တင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အဲဒီကာလအတွင်း ဗီယက်နမ်ရဲ့ စစ်လက်နက် တင်သွင်းမှု စုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။
လာအို နိုင်ငံဟာ ကာကွယ်ရေး အသုံးစရိတ်နဲ့ ပတ်သက်ရင် အတော်လေး အကန့်အသတ် ရှိပေမယ့် ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ရုရှားဆီက လက်နက် ဒေါ်လာ ၁၀၂ သန်းဖိုး ဝယ်ယူခဲ့ပါတယ်။ အများစုက တင့်ကားတွေနဲ့ ရဟတ်ယာဉ်တွေအတွက် ဖြစ်ပါတယ်။
မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကလည်း ရုရှားဆီက တိုက်လေယာဉ်တွေနဲ့ တခြား စစ်လက်နက် အသုံးအဆောင်တွေ ဝယ်ယူထားကြပါတယ်။ ထိုင်းနဲ့ ရုရှားတို့ကြား မဟာဗျူဟာရေးရာ ဆက်ဆံမှုတွေကလည်း စစ်တပ် ဩဇာညောင်းတဲ့ ထိုင်းအစိုးရ အာဏာရလာချိန် ကတည်းက ခပ်မြန်မြန် တိုးတက်လာနေပါတယ်။
ဘာပဲဖြစ်ဖြစ် ရုရှားရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို လေ့လာကြည့်တဲ့အခါ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးသစ်တွေ တည်ဆောက်နေတာဟာ လက်နက်ရောင်းရုံ အဆင့်ထက် အများကြီးပိုတဲ့ ပထဝီဝင် နိုင်ငံရေး အမြင်တွေ ကိန်းအောင်းနေတယ် ဆိုတာကို ထင်ရှား မြင်သာစေပါတယ်။
မတ်လ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ရုရှား ဒုတိယ ကာကွယ်ရေး ဝန်ကြီး အလက်ဇန္ဒား ဗက်စ်လီယီဗစ်ချ် ဖိုမင်ကိုယ်တိုင် ယူနီဖောင်း အပြည့်အစုံနဲ့ တက်ရောက်ခဲ့တာကိုက ရှေ့လျှောက် နှစ်နိုင်ငံကြား နီးကပ်တဲ့ ဆက်ဆံရေးတွေ ဆက်ရှိနေမယ် ဆိုတာကို အားကောင်းကောင်းနဲ့ ပြသခဲ့တဲ့ သင်္ကေတ တစ်ခုလို့ ဆိုနိုင်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်၊ အာဏာသိမ်းတဲ့နေ့ မတိုင်ခင်က ရန်ကုန်မှာ ရုရှားနဲ့ မြန်မာ စစ်တပ် အရာရှိတချို့ အကြီးအကျယ် ပါတီပေးခဲ့ပြီး ဗော့ဒ်ကာအရက်တွေ ချောင်းစီးသလို အလျှံအပယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ရှယ်ယာ အတော်များများ ထည့်ဝင်ထားတဲ့ စစ်ရေး နည်းပညာ မာလ်တီမီဒီယာ ဌာနတစ်ခု ဖွင့်ပွဲ အခမ်းအနား တစ်ခုမှာ အစွမ်းကုန် ပျော်ပါး အောင်ပွဲခံခဲ့ကြတာပါ။ ဒါပေမဲ့ ဒီလို အောင်ပွဲခံခဲ့တာဟာ နောက်တစ်နေ့မှာ ဖြစ်လာမယ့် အာဏာသိမ်း လှုပ်ရှားမှုကို ကြိုတင် ရည်ညွှန်းထားတာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါဟာ အရင်ကတည်းက ဒေသရဲ့ ပါဝါ ချိန်ညှိမှုမှာ အရေးပါနေတဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ခေတ်သစ် တစ်ခုဆီ ဦးတည်စေမယ့်အပေါ် ကြိုတင် ဂုဏ်ပြုတာလည်း ဖြစ်နိုင်ပါတယ်။
သေချာတာကတော့ အရှေ့တောင်အာရှ ဒေသမှာ ရုရှားဟာ ပိုပြီး ခိုင်မာအားကောင်းတဲ့ ပုံစံအသစ်နဲ့ ဝင်ရောက်ဖို့ ပြင်ဆင်နေပြီး မြန်မာက သူတို့အတွက် မဟာဗျူဟာ ဝင်ပေါက်လို့ သဘောထားနေပါလိမ့်မယ်။
(Asia Times သတင်းဌာန၏ Russia lends Myanmar a lethal helping hand ဆောင်းပါးကို ဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါသည်)
