အဖြစ်ဆိုးက ယနေ့ နှစ်ပတ်လည်ခဲ့ပြီ။
မီးတဟုန်းဟုန်းတောက်နေတဲ့ နေအိမ်တွေ၊ စစ်သားတွေပစ်တဲ့ သေနတ်တွေ တဒိုင်းဒိုင်းကြားမှာ သွေးအိုင်ထဲလဲကျသေဆုံးနေတဲ့ အရပ်သားတွေ။ခက်ထန်ကြမ်းတမ်းပြီး ဘီလူးစီးနေတဲ့စစ်သားတွေ၊၊ ရင်ဘတ်တည့်တည့်ကို ချိန်ထားတဲ့ သေနတ်ပြောင်းဝမှာ အသက်မသေရေး ရှမ်းနီတပ်ဖွဲ့ဝင်တွေကို ရှင်ခိုးတောင်းပန်ခဲ့ရတဲ့ အဖြစ်တွေက မနေ့တစ်နေ့ကလို ခြောက်လှန့်နေဆဲ။
ဒါ့အပြင် စစ်တပ်နဲ့ရှမ်းနီတပ် (SNA)တပ်ဖွဲ့ဝင်တွေကဖမ်းခေါ်သွားပြီး သေလား ရှင်လား သတင်းအစအနမရတော့တဲ့ မောင်အရင်းနှစ်ယောက်ကို နောက်ဆုံးမြင်ခဲ့ရတဲ့နေ့။ ထိုနေ့ကို ဆည်ဆင်းရွာသူ မအေးစု တစ်နေ့မှ မမေ့။ ထိုဖြစ်ရပ်ဆိုးက ဒီနေ့( ဩဂုတ်လ ၈ရက်) ဆိုရင် ၁ နှစ် တိတိပြည့်ခဲ့ပြီဟု မအေးစုက ငိုရှိုက်သံကြားကနေ ရင်ဖွင့်ရှာပါတယ်။ သူ့မမောင်တွဟာ တစ်ယောက်က အသက် ၂၈ နှစ်နဲ့ အသက် ၃၀ အရွယ် လူရွယ်တွေဖြစ်ပါတယ်။

Public Service Announcement
” ကျွန်မလေ ရူးမသွားအောင် စိတ်ကို မနည်းထိန်းချုပ်ထားရတယ်”
အခုအခါမှာ ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတခုမှာ မိသားစုလိုက်ခိုလှုံနေရတဲ့ မအေးစုက ဒီနေ့ နေ့လယ်မှာသူမတို့မိသားစုနဲ့ ဆယ်ဇင်းရွာကပြည်သူတွေရဲ့အဖြစ်ဆိုးကို ရင်ဖွင့်ပြောဆိုနေတာပါ။ ခေတ်အဆက်ဆက် အေးချမ်းမှုမရှိခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မှာ နေခဲ့သူမို့ ကျီးလန့်စာစားအဖြစ်အပျက်တွေ ကြုံခဲ့ပေမယ့် သူ့အသက် ၃၅ နှစ်အတွင်းမှာ ၂၀၂၂ ခုနှစ် ၊ဩဂုတ်လ ၈ရက်နေ့က ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်က အဆိုးဆုံးအနိဌာရုံပဲလို့ မအေးစုက ဆိုပါတယ်။

ဆယ်ဇင်းရွာရဲ့ အနိဌာရုံဖြစ်ရပ်ဟာ ၂၀၂၂ ခုနှစ်ဩဂုတ်လ ၇ ရက်မှာ စတင်ပါတယ်။ ဩဂုတ်လ ၇ ရက် နံနက် ဝေလီဝေလင်းမှာ ဆည်ဆင်းရွာထဲက နန့်ပုတ်ချောင်းတံတား မိုင်းခွဲဖျက်ခံရပါတယ်။ စစ်ကောင်စီနဲ့ ရှမ်းနီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး တိုက်ပွဲဖော်ဖို့အတွက် KIA၊PDF ပူးပေါင်းတပ်က ဖောက်ခွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ အဲဒီနေ့တစ်နေကုန် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီနဲ့ ရှမ်းနီတပ် အတုံးအရုန်းသေဆုံးခဲ့ကြပါတယ်။ နောက်တနေ့ ဩဂုတ်လ ၈ရက်မှာတော့ စစ်ကောင်စီနဲ့ ရှမ်းနီတပ် အင်အား အများအပြားနဲ့ဆယ်ဇင်းရွာကိုစီးနင်းပြီး အကြမ်းဖက်ဖျက်ဆီးကြပါတော့တယ်။
ဩဂုတ်လ ၈ရက် မနက် မလင်းခင်မှာ အိပ်ပျော်နေတုန်း ဝါးလုံးကွဲသံတွေ၊ ပေါက်ကွဲသံတွေကို မအေးစုတို့ တစ်မိသားစုလုံး ကြားလိုက်ရပါတယ်။ အိမ်ပြတင်းပေါက်ကနေ ခေါင်းပြူကြည့်တော့ ရွာရဲ့အနောက်ဘက်ခပ်လှမ်းလှမ်းမှာ မီးညွှန့်တွေ လှမ်းမြင်လိုက်ရတယ်။ မီးညွှန့်ဟာ တဇတဇ ကြီးလာတယ်။ အိမ်တွေကကို မီးက အရှိန်နဲ့ ကူးစက်နေတယ်။ မနက်၄နာရီခန့်မှာတော့ အိမ်တွေကို လောင်မြိုက်နေတဲ့မီးကြောင့် ရွာဟာ ထိန်ထိန်ကြီး လင်းနေတော့တယ်။ မအေးစုတို့ တမိသားစုလုံးလည်း ကြောက်လွန်းလို့ အိမ်အောက်က ဗုံးခိုကျင်းထဲ ဝင်ပုန်းနေကြရတယ်။
မနက်ဝေလီဝေလင်းချိန်ရောက်တဲ့အခါမှာတော့ မကြားဝံ့မနာသာ ဆဲဆိုသံတွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ရှမ်းနီတပ်ဖွဲ့ဝင်တွေဟာ မအေးစုတို့ အိမ်နားကို ရောက်လာတယ်။

“ယောင်္ကျားတွေ အားလုံးအပြင်ထွက်ခဲ့စမ်း။ မသေချင်ရင်ထွက်ခဲ့ မအေပေးတွေ” စသဖြင့် ဆဲဆိုပြီး ရွာလမ်းမပေါ်မှာ သေနတ်တွေ တဒိုင်းဒိုင်းဖောက်နေကြတယ်လို့ မအေးစုက ပြန်ပြောပါတယ်။ စစ်ကောင်စီစစ်သားတွေနဲ့ ရှမ်းနီတပ်ဖွဲ့ဝင်တွေရဲ့ အသံတွေဟာ ရွာလမ်းမအတိုင်း တဖြေးဖြေး ဝေးသွားပါတယ်။
မီးကလည်း အိမ်တွေကို ဆက်လောင်နေဆဲမို့ ဗုံးခိုကျင်းထဲကနေ ထွက်ဖို့ မအေးစု ဆုံးဖြတ်လိုက်ပါတယ်။ ကလေး သုံးဦး၊ အသက် ၇၀ အရွယ်မိခင်အပါအဝင် အမျိုးသမီး သုံးဦး၊ အတူတူပုန်းခဲ့ကြတဲ့အိမ်နီးချင်း ၂ ဦးစုစုပေါင်း ၈ ဦးကို မအေးစု ဦးဆောင်ပြီး ရွာဘုန်းကြီးကျောင်းကို သုတ်ခြေတင်ပေးကြပါတယ်။
ဘုန်းကြီးကျောင်းကိုမရောက်ခင် လမ်းဆုံတနေရာမှာပဲ ရှမ်းနီတပ်ဖွဲ့ဝင်တွေနဲ့ ပက်ပင်းတိုးပါတော့တယ်။ သေနတ်ပြောင်းဝနဲ့ ထိုးအချိန်မှာ ” အိုက်ကော်ရေ ငါတို့က အိမ်တွေမီးလောင်လို့ ဘုန်းကြီးကျောင်းကို ပြေးမလို့ပါ” ဆိုပြီး မအေးစုက ပြောလိုက်ပါတယ်။
“အိုက်ကော်”ဆိုတာက ရှမ်းနီလို သူငယ်ချင်းလို့အဓိပ္ပါယ်ရပြီး ရင်းနီးတဲ့ အသုံးအနှုန်းတစ်ခုပါ။ ပါးနပ်တဲ့ မအေးစုက ဒီအသုံးအနှုန်းကိုအသုံးချပြီး ရှမ်းနီတပ်ဖွဲ့ဝင်တွေရန်ကနေ လွတ်အောင် ပရိယာယ်သုံးခဲ့တာပါ။ ဒါပေမယ့် ရှမ်းနီတပ်ဖွဲ့ဝင်က သေနတ်တွေနဲ့ထိုးချိန်ထားဆဲပါပဲ။ မအေးစုနဲ့အတူပါလာတဲ့ အမျိုးသမီးတွေရော ကလေးတွေကပါ လက်အုပ်ချီတောင်းပန်တဲ့အခါကျမှ သွားခွင့်ပြုခဲ့ပါတယ်။

ဘုန်းကြီးကျောင်းကို မအေးစုတို့ ရောက်ချိန်မှာပဲ ရွာရဲ့ တဝက်လောက်ဟာ မီးလောင်ပြင်ဖြစ်နေပါပြီ။ ညက အိမ်ပြန်မအိပ်ဘဲ အပြင်ရောက်နေတဲ့ မောင်နှစ်ယောက်အပြင် ရာချီတဲ့ ရွာသားတွေကိုလည်း စစ်ကောင်စီစစ်သားတွေနဲ့ ရှမ်းနီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့သတင်း ရရှိခဲ့ပါတယ်။ စစ်ဆေးပြီး ပြန်လွှတ်မယ်ထင်ခဲ့ပေမယ့် မောင်နှစ်ယောက်ရဲ့ သတင်းဟာ ပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။
“ပျောက်တာအများကြီးပဲ။သေတယ် ရှင်တယ်မသိရတဲ့သူတွေလည်း အများကြီးပဲ”
ဆယ်ဇင်းရွာကို စစ်ကောင်စီနဲ့ ရှမ်းနီတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်တဲ့နေ့က ဒေသခံအရပ်သားတွေ ပျောက်ဆုံးသွားတဲ့ အရေအတွက်ကို ဘယ်သူကမ အတည်မပြုနိုင်ခဲ့ဘူးလို့ မအေးစုကပြောပါတယ်။ မောင်နှစ်ဦးအနက် တစ်ဦးဟာ ဖမ်းဆီးခံထားရချိန်မှာ သူ့ရွာက အိမ်တွေကို မီးမရှို့ဖို့ ပြောမိလို့ နားထင်ကို သေနတ်နဲ့ တေ့ပစ်သွားတယ်လို့ သတင်းဆိုးပြန်ရခဲ့ပါတယ်။
တစ်ဦးကတော့ ဆည်ဆင်းရဲစခန်းအချုပ်ထဲမှာ တွေ့ခဲ့ရတယ်လို့ နောက်ဆုံး သတင်းရခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေဟာ တဆင့်စကားသတင်းတွေသာ ဖြစ်ခဲ့ပြီး မအေးစုထံ မောင်နှစ်ဦးစလုံး ဒီနေ့အထိ ပြန်ရောက်မလာခြင်းကသာ အတည်ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီနဲ့ ရှမ်းနီတပ်ရဲ့ ဆယ်ဇင်းရွာ လူသတ်ပွဲမှာ သေဆုံးသူအရေအတွက်ဟာ ရာချီရှိနိုင်တယ်လို့ ဆည်ဆင်းဒေသခံတွေက ဆိုပါတယ်။ ဖမ်းဆီးခံရပြီး ပြန်မလာကြတော့လို့ သေစာရင်းသွင်းထားကြတာပါ။
“ပြန်လွတ်တဲ့ ဖိုးသမားတွေ ပြောတာတော့ နန့်ပုတ်ချောင်းတံတားပေါ်ကနေ ပစ်ချတာ အလောင်း ၅၀ လောက်ရှိတယ်လို့ ပြောတယ်။ ကျွန်မမောင်ရော ပါသွားလား မသိတော့ဘူး” လို့ သူကဆိုပါတယ်။
နန့်ပုတ်ချောင်းဟာ ဆယ်ဇင်းရွာကို ဖြတ်သွားတဲ့ဥရုချောင်းထဲကို စီးဝင်တဲ့ ချောင်းပါ။ နောက်တနေ့မှာဘုန်းကြီးကျောင်းကနေ အိမ်ကို ပြန်တဲ့အခါ မအေးစုတို့ အိမ်လည်း မီးလောင်ပြာကျနေပါပြီ။ အဲ့ဒီအချိန်ကတည်းက ရွာကနေ ထွက်ခဲ့ပြီး စစ်ဘေးရှောင်စခန်းကို ရောက်လာခဲ့ကြတာမို့ မအေးစုတစ်ယောက် သူ့ မောင်တွေကို ရှာခွင့်မသာခဲ့ပါဘူး။
အချိန်ကာလက ၁ နှစ် တိတိကြာခဲ့ပါပြီ။ အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့ ဆယ်ဇင်းရွာဟာ အခုဆို အရင်လို မစည်ကားတော့ပါဘူး။ရွာရဲ့ တဝက်ကျော်ကျော်ဟာ အခုထိ မီးလောင်ပြင်ဖြစ်နေဆဲပါ။
ဆယ်ဇင်းရွာကို မီးရှို့တာ ဘယ်သူတွေလဲလို့ မေးတဲ့အခါ ” ရှမ်းနီနဲ့ စစ်တပ်နဲ့ ရှို့တာ” လို့ ခပ်အုပ်အုပ်ပြောပါတယ်။ သူ့အသံမှာ အတိတ်ဆိုးကို အခုအချိန်အထိ ကြောက်လန့်နေတာ အထင်းသားပေါ်လွင်နေပါတယ်။
ဒါအပြင် မအေးစုဟာ မောင်နှစ်ယောက်ကို သတိရလွမ်းဆွတ်စိတ်နဲ့ တခါတရံ ချုံးမွဲချ ငိုပစ်လိုက်ချင်ပေမယ့် သူ့စိတ်သူအလိုလိုက်လို့ မရရှာပါဘူး။ စစ်ဘေးရှောင်စခန်းထဲက အသက် ၇၀ အရွယ် မိခင်အိုဟာ သူ့သား နှစ်ယောက်အမည်ကို တပြီး ” သားရေ၊ အမေ့သားတို့ရေ ” လို့ ညည်းပြီး ညစဉ် ငိုနေဆဲမို့ဖြစ်ပါတယ်။
သူ့ အမေ ငိုသံကြားတိုင်း အလျင်အမြန်တားမိတယ်လို့ မအေးစုက ပြောပါတယ်။
” ကျမပါ ရူးချင်သလိုလို ဖြစ်လာလို့။ အမေရယ် မငိုပါနဲ့လို့ တားမိတယ်”
