စပိန် ဝန်ကြီးချုပ်ရဲ့ ဇနီးဟာ အဂတိ စွပ်စွဲချက်တွေအတွက် တရားရင်ဆိုင်ရမှာ ဖြစ်သလို ပြည်ပ ထွက်ခွာခွင့်လည်း ပိတ်ပင် ခံလိုက်ရပါတယ်။
စပိန် တရားသူကြီး တစ်ဦးက ဘီယိုနာ ဂိုးမက်ဇ်ဟာ စွပ်စွဲချက်တွေအတွက် အမှုရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ဇွန်လ ၁၉ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပြီး ပြည်ပ ထွက်ခွာခွင့်ကိုပါ တားမြစ်မိန့် ထုတ်ပြန်ခဲ့တာပါ။
ဂိုးမက်ဇ်ဟာ လက်ရှိ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဟွမ်းချက်ဇ်ရဲ့ ဇနီးဖြစ်ပါတယ်။ သူဟာ ငွေကြေး အလွဲသုံးစားမှု၊ အရှိန်အဝါသုံးပြီး ခြယ်လှယ်မှု၊ အဂတိမှု၊ ရန်ပုံငွေတွေ မရိုးမဖြောင့် စီမံမှုတွေကြောင့် ၂ နှစ်လောက်ကြာအောင် စုံစမ်း စစ်ဆေးမှုတွေ ခံယူနေခဲ့ရပြီး အခုတော့ တရားရင်ဆိုင်ရမယ့် အခြေအနေထိ ကြုံလာခဲ့တာပါ။
အသက် ၅၅ နှစ်အရွယ် ဂိုးမက်ဇ်ကတော့ သူဟာ ဘာအမှားမှ ကျူးလွန်မထားကြောင်း ခုခံ ငြင်းဆိုထားပါတယ်။ လက်ဝဲယိမ်း နိုင်ငံရေးသမားဖြစ်တဲ့ ဝန်ကြီးချုပ်ရဲ့ ဇနီးအပေါ် အလွဲသုံးစားမှု၊ အဂတိမှုတွေနဲ့ စတင် စွပ်စွဲခဲ့တာဟာ သန့်စင်သော လက်များလို့ အဓိပ္ပါယ်ရတဲ့ နာမည်နဲ့ လက်ယာယိမ်း ကုန်သွယ်ရေး သမဂ္ဂ တစ်ခု ဖြစ်ပါတယ်။

Public Service Announcement
တရားသူကြီး ကားလို့စ် ဖိန်နာဒိုက ဂိုးမက်ဇ်ရဲ့ နိုင်ငံကူး လက်မှတ်ကို အာဏာပိုင်တွေဆီ အပ်နှံဖို့ ညွှန်ကြားထားပြီး တစ်လကို နှစ်ကြိမ် တရားရုံးဆီ ဆက်သွယ် သတင်းပို့ရမယ်လို့ ညွှန်ကြားခဲ့ပါတယ်။ သူ့ရဲ့ အမှုကို ဂျူရီအဖွဲ့ တစ်ခုက ကြားနာ စစ်ဆေးမှာဖြစ်ပြီး ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး။
ဝန်ကြီးချုပ် ဟွမ်းချက်ဇ်က သူ့ဇနီးအပေါ် စွပ်စွဲထားမှုတွေနဲ့ ပတ်သက်ပြီး အခြေအမြစ် ကင်းမဲ့တဲ့ စကားတွေ၊ နိုင်ငံရေးအရ အပုပ်ချမှုတွေလို့ တုံ့ပြန်ထားခဲ့ပါတယ်။ စကားကို တုတ်ထိုးအိုးပေါက် ပြောတတ်သူ တစ်ယောက်အဖြစ် လူသိများတဲ့ ဝန်ကြီးချုပ်က နိုင်ငံရေး ပြိုင်ဘက်တွေက သူ့မိသားစုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာသာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
ဟွမ်းချက်ဇ်ဟာ အရင်အစိုးရ လက်ထက်က အဂတိမှုတွေကို ဖော်ထုတ်ပြီး အဆုံးသတ်ပေးမယ်ဆိုတဲ့ မဲဆွယ်ကတိနဲ့အတူ ၂၀၁၈ မှာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက် ခံခဲ့ရပါတယ်။ အခုတော့ သူ့မိသားစုနဲ့ သူ့ရဲ့ နိုင်ငံရေး ထိပ်တန်း မဟာမိတ်တွေ ကိုယ်တိုင် အဂတိ ကိစ္စတွေနဲ့ စုံစမ်းမှုတွေ ကြုံတွေ့နေရပြီး အဲဒီအခြေအနေက စပိန် အစိုးရအပေါ် သက်ရောက် ရိုက်ခတ်မှုတွေလည်း ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ကိုးကား: Guardian


















































