ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
စတာမာက သေချာပေါက် နုတ်ထွက်မှာ ဖြစ်တယ်လို့ ဇွန်လ ၂၁ ရက်နေ့မှာ ထရမ့်က လူမှုကွန်ရက် ပလက်ဖောင်း Truthမှာ ရေးသားခဲ့ပါတယ်။ စတာမာဟာ လောလောဆယ်မှာ နိုင်ငံရေး ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး ဝန်ကြီးချုပ်နေရာ ဆက်မမြဲနိုင်တော့ဘူးဆိုတဲ့ ထင်ကြေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
ထရမ့်က ‘စတာမာဟာ ဗြိတိန်ရဲ့ ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်လိမ့်မယ်’လို့ ရေးသားထားခဲ့တာဟာ တစ်ခုခုကို ကျိန်းသေပေါက် သိရှိထားလို့လား၊ ဒါမှမဟုတ် ထင်ကြေးတွေအပေါ် အခြေခံပြီး ကောက်ချက်ချထားတာလား ဆိုတာတော့ မကွဲပြားပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက ပြင်သစ်မှာ G7 ထိပ်သီး ညီလာခံ တက်ရောက်ခဲ့ချိန်နောက်ပိုင်း ထရမ့်နဲ့ စတာမာတို့ကြား လူချင်းတွေ့ဆုံမှုလည်း မရှိသေးပါဘူး။ သူ့ရဲ့ လူမှုကွန်ရက် မီဒီယာ ပို့စ်မှာတော့ ထရမ့်က ဗြိတိန်ရဲ့ ဗဟိုလက်ဝဲယိမ်း လေဘာပါတီ ခေါင်းဆောင် စတာမာဟာ ထိရောက်မှု မရှိတဲ့ မူဝါဒ ချမှတ်မှုတွေကြောင့် နိုင်ငံရေး ကျရှုံးမှုကို ကြုံခဲ့ရတာလို့ ဝေဖန်ခဲ့ပါတယ်။ စတာမာဟာ လူဝင်မှု ကြီးကြပ်ရေးနဲ့ စွမ်းအင်ကိစ္စလို အရမ်းအရေးကြီးတဲ့ ကဏ္ဍနှစ်ခုမှာ ဆိုးဆိုးရွားရွား လွဲချော်ခဲ့တယ်လို့လည်း ထရမ့်က ဆိုပါတယ်။ ဒါ့အပြင် ဗြိတိန်ကမ်းလွန် မြောက်ပိုင်းပင်လယ်ပြင်က ရေနံ တူးဖော်မှုတွေ ပြန်စခွင့် ပေးဖို့ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။

Public Service Announcement
ထရမ့်ဟာ မြောက်ပိုင်းပင်လယ်ပြင်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ခွင့် လိုင်စင်တွေကို ဆိုင်းငံ့ထားစေတဲ့ ဗြိတိန် အစိုးရ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းပေးဖို့ မကြာခဏ တောင်းဆိုနေခဲ့ပါတယ်။ ဒါ့အပြင် သန့်စင်စွမ်းအင် ထုတ်လုပ်ဖို့ ရည်ရွယ် တည်ဆောက်ထားတဲ့ ဗြိတိန်ရဲ့ လေအားလျှပ်စစ် စီမံကိန်းတွေကိုလည်း သူက ဝေဖန်ထားပါတယ်။
စတာမာဟာ အစောပိုင်းတုန်းက ထရမ့်ရဲ့ အနီးကပ် မဟာမိတ်အဖြစ် သတ်မှတ်ခံရဖူးပေမယ့် အမေရိကန်ရဲ့ အီရန်စစ်ပွဲ မူဝါဒကို ဝေဖန်ပြီးနောက်ပိုင်း နှစ်ဦးကြား ဆက်ဆံရေး သိသိသာသာ စိမ်းကားလာခဲ့ပါတယ်။ စတာမာဆီက တရားဝင် ထုတ်ပြန်မလာသေးခင်မှာ ဗြိတိန် ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်မယ်လို့ ထရမ့်က လူသိရှင်ကြား ထုတ်ပြောခဲ့တာကို ဗြိတိန် နိုင်ငံရေးသမား တချို့က စိတ်ပျက်နေပါတယ်။ တခြားတစ်ဖက်မှာတော့ စတာမာဟာ အစောဆုံးအဖြစ် ဇွန်လ ၂၂ ရက်နေ့မှာ သူ့ရဲ့ ရာထူးက နုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို ကြေညာလာနိုင်ကြောင်း ကောလာဟလတွေ ပျံ့နှံ့နေပါတယ်။
စတာမာဟာ စွမ်းအင်နဲ့ လူမှုဖူလုံရေးလို ကဏ္ဍတွေရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေမှာ အလွဲအမှားတွေ ကြုံခဲ့သလို နိုင်ငံရေး မဟာမိတ်တွေနဲ့ ဆက်ဆံရေး ပျက်ပြားတာတွေ၊ တခြား အရှုပ်အထွေးတွေကြောင့် အာဏာရ ပါတီထဲမှာတင် သူ့အပေါ် ထောက်ခံမှုတွေ ကျဆင်းသွားပြီး နုတ်ထွက်ပေးဖို့ အမတ်အများအပြားရဲ့ တောင်းဆိုခြင်းကို ကြုံလာရပါတယ်။ ဒါ့အပြင် ဒေသတွင်း ရွေးကောက်ပွဲတွေမှာ လေဘာပါတီရဲ့ ဆိုးရွားတဲ့ ရှုံးနိမ့်မှု ရလဒ်တွေကလည်း စတာမာရဲ့ ခေါင်းဆောင်မှုအပေါ် ပိုပြီး အယုံအကြည် ကင်းမဲ့မှုတွေ ဖြစ်လာစေပါတယ်။
ထရမ့်ရဲ့ လူမှုကွန်ရက် ပို့စ်နဲ့ ပတ်သက်ပြီး လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဝန်ကြီးချုပ်ရုံးဆီ CNN သတင်းဌာနက သဘောထား မေးမြန်းခဲ့တဲ့အခါ ဇွန်လ ၁၉ ရက်နေ့မှာ စတာမာ ထုတ်ပြန်ထားခဲ့တဲ့ ကြေညာချက်ကိုပဲ ပြန်လည် ရည်ညွှန်းခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာတော့ စတာမာက လုပ်စရာ ကိစ္စတွေ ကျန်နေသေးပြီး အဲဒီအပေါ်မှာပဲ သူက အာရုံစိုက်ထားကြောင်း၊ သူ့ကို ရွေးကောက် တင်မြှောက်ချိန်မှာ ပေးအပ်ထားတဲ့ တာဝန်ဖြစ်တဲ့ နိုင်ငံအတွက် အမှုထမ်းဖို့ကိုပဲ ခေါင်းထဲထည့်ထားကြောင်း ပြောကြားထားပါတယ်။
ကိုးကား: CNN


















































