ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင် အတွင်းကို စစ်ကောင်စီက တပ်နေရာနဲ့တပ်စခန်းတွေ တိုးချဲ့နေတဲ့အပြင် စစ်လေယာဉ်နဲ့ပါ ကင်းထောက်တာတွေလုပ်နေတယ်လို၌ KNU တပ်မဟာ(၅)က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
“အဲဒီလို လှုပ်ရှားတဲ့အပေါ်မှာ KNLA တပ်မဟာ(၅)ဘက်ကလည်း ကိုယ့်ရဲ့ နယ်မြေဒေသ ကိုယ်ကာကွယ်တဲ့အနေနဲ့ အမြဲတမ်း တပ်ဖြန့်ထားတဲ့အပေါ်မှာ ထိတွေ့မှုတွေ ခဏခဏ ဖြစ်တာ။ တစ်ခါတလေကျရင် ထိတွေ့မှုတွေက တစ်နေ့တည်းကို နှစ်ခါသုံးခါရှိတယ်” လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
ဇူလိုင် ၂၃ရက်နောက်ပိုင်းမှာ စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း တပ်နေရာ ၃ ခု ထပ်တိုးချထားကြောင်း၊ ဩဂုတ် ၃ ရက်နဲ့ ၄ ရက်တွေမှာ စစ်လေယာဉ်နဲ့ လာရောက် ထောက်လှမ်းခဲ့ကြောင်း KNU တပ်မဟာ (၅) ရဲ့ ဩဂုတ် ၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်နဲ့ သူတို့လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့က KNU တပ်မဟာ(၅)နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုတွေ တိုးလုပ်လာတာကြောင့် ဇူလိုင်လအတွင်း တိုက်ပွဲတွေနေ့စဉ်နီးပါး ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
