Covid-19 ကပ်ရောဂါကြောင့် ကလေးတွေ ဆေးရုံတက်ရတဲ့ အရေအတွက်ဟာ အမေရိကန်မှာ စံချိန်တင် မြင့်တက်လာနေပါတယ်။
ဩဂုတ်လ ၄ ရက်ကနေ ၁၀ ရက်အတွင်းမှာ တစ်နေ့ကို ပျမ်းမျှ ကလေး ၂၄၆ ဦးလောက် ကိုဗစ်ရောဂါနဲ့ ဆေးရုံ ရောက်ခဲ့တယ်လို့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကလေးတွေမှာ ရောဂါလက္ခဏာ အရမ်းပြင်းထန်တဲ့ အဆင့်ထိ ရောက်တဲ့ အချိုးအစားကလည်း ဇူလိုင်လကစပြီး မြင့်တက်လာတယ်လို့ CDC က ဆိုပါတယ်။ ဒါဟာ အမေရိကန် နိုင်ငံအနှံ့မှာ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုတွေနဲ့လည်း တိုက်ရိုက် ဆက်စပ်နေပါတယ်။
ပုံမှန်ဆိုရင်တော့ အသက် ၁၈ နှစ်အောက် လူငယ်ပိုင်းတွေနဲ့ ကလေးတွေဟာ ရောဂါဒဏ်ကို သိပ်ပြီး ဆိုးဆိုးရွားရွား ခံစားရလေ့ မရှိပါဘူး။ ကလေးတွေမှာ Covid-19 ရောဂါ အရမ်းပြင်းထန်တာမျိုးက ကူးစက်ခံရသူ ဦးရေနဲ့ ယှဉ်ရင် အချိုးအစား အရမ်းနည်းပါတယ်။ ဩဂုတ် ၅ ရက်ထိ စာရင်းတွေအရ အမေရိကန်မှာ ရောဂါ ကူးစက်ခံရတဲ့ ကလေး အရေအတွက် ၄.၃ သန်းနီးပါးထိ ရှိခဲ့ပြီး ဆေးရုံတက်ရတဲ့ အရေအတွက်က ၁.၅ ကနေ ၃.၅ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။

Public Service Announcement
CDC ကတော့ ကျောင်းတွေမှာလည်း ကလေးတွေကို အနည်းဆုံး ၃ ပေခြားပြီး နေရာချဖို့၊ ကိုယ်ပူချိန်တိုင်းဖို့၊ ကျောင်းခန်းတွေ လေဝင်လေထွက်ကောင်းအောင် စီစဉ်ဖို့ ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။
