Omicronမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဥရောပတိုက်က လူဦးရေ ထက်ဝက်လောက်ဟာ ကိုဗစ်ရောဂါ ကူးစက် ခံရနိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးလိုက်ပါတယ်။
နောက်ထပ် သီတင်း ၆ ပတ်ကနေ ၈ ပတ်အတွင်းမှာ ဒီအခြေအနေမျိုး တကယ် ကြုံလာနိုင်တယ်လို့ WHOရဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဟန်းစ် ကလော့ဂ်က ဆိုပါတယ်။ လတ်တလော အခြေအနေတွေအရ ဥရောပမှာ ကိုဗစ် ကူးစက်မှုတွေဟာ အနောက်အရပ်ကနေ အရှေ့ဖက်ကို လှိုင်းလုံးတွေလို အဆက်မပြတ် ရိုက်ခတ်နေတယ်လို့ သူက ဆိုပါတယ်။
Omicronဟာ တွေ့ဖူးသမျှ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အားလုံးထဲမှာ ကူးစက်နှုန်း အမြန်ဆုံးအဖြစ် WHOက သတ်မှတ်ထားပါတယ်။ Omicron ဂယက်ကြောင့် ၂၀၂၂ ခုနှစ်၊ ပထမဆုံး သီတင်းပတ် အတွင်းမှာတင် ဥရောပမှာ ကိုဗစ် လူနာသစ် ၇ သန်း တိုးလာခဲ့ပါတယ်။ နောက်ထပ် သီတင်းနှစ်ပတ် အကြာမှာတော့ ကိုဗစ် ကူးစက်နှုန်းတွေက နှစ်ဆ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
မျက်မှောက် ကာလမှာ Omicronဟာ ဥရောပရဲ့ အနောက်ဖက်ခြမ်းကနေ အရှေ့ဖက်ပိုင်းကို အင်အားကောင်းတဲ့ ဒီရေလှိုင်းလုံးတွေလို ပျံ့နှံ့ စီးဝင်နေတာ တွေ့ရကြောင်း၊ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် အရှိန်ကောင်းကောင်း ကူးစက်ခဲ့တုန်းကထက်တောင် Deltaရဲ့ ပျံ့နှံ့နှုန်းက ပိုမြန်ဆန် ကျယ်ပြန့်နေကြောင်း ဒေါက်တာ ကလော့ဂ်က ဆိုပါတယ်။

Public Service Announcement
လာမယ့် သီတင်း ၆ ပတ်ကနေ ၈ ပတ်အတွင်း ဒေသတစ်ခုလုံးရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းလောက်ထိ ရောဂါကူးစက် ခံရနိုင်ကြောင်း၊ ဥရောပအပြင် ဗဟိုအာရှ နိုင်ငံတွေ အနေနဲ့လည်း အခြေအနေကို နိုးနိုးကြားကြား စောင့်ကြည့်နေသင့်ကြောင်း သူက အကြံပြုခဲ့ပါတယ်။
Omicronဟာ အရင် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေနဲ့ ယှဉ်ရင် ကူးစက်နှုန်း အရမ်းမြန်ပေမယ့် ရောဂါလက္ခဏာတွေ ပြင်းထန်နိုင်တဲ့ လူနာ အချိုးအစားက သိသိသာသာ လျော့ကျသွားပါတယ်။ ဒါပေမဲ့ Omicronဟာ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးထားတဲ့ သူတွေကိုပါ ကူးစက်နိုင်သလို လူနာအရေအတွက် အရမ်းများရင် အသေအပျောက် ကိန်းဂဏန်းတွေလည်း တိုးလာနိုင်တယ်လို့ WHOက သတိပေးထားပါတယ်။
ပြင်သစ်မှာဆိုရင် နေ့အလိုက် ကူးစက်နှုန်း စံချိန်သစ်တွေပါ ကြုံနေရသလို ဆေးရုံတက်ရသူ ဦးရေလည်း တရိပ်ရိပ် တိုးလာနေပါတယ်။ ကျန်းမာရေး ဝန်ကြီး အိုလီဗီရာ ဗီရန်းက ဇန်နဝါရီ လကုန်လောက် အခြေအနေဟာ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာစေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
အရှေ့ဥရောပမှာဆိုရင် ပိုလန်လို နိုင်ငံတွေက Omicronရဲ့ ဖိစီးမှုကို အတော်လေး ခံစားနေရပါတယ်။ ကပ်ရောဂါ အစပြုလာချိန် ကတည်းက ပိုလန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တစ်သိန်းကျော် ရှိနေပြီး လူဦးရေ အချိုးအစားနဲ့ ယှဉ်ရင် ပိုလန်ဟာ ကမ္ဘာပေါ်မှာ ကပ်ရောဂါကြောင့် ဆဋ္ဌမ သေနှုန်းအမြင့်ဆုံး နိုင်ငံ ဖြစ်လာပါတယ်။ ပိုပြီး စိုးရိမ်စရာ ကောင်းတာက ပိုလန် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ဆေး မထိုးရသေးပါဘူး။
အခု သီတင်းပတ် အစောပိုင်းမှာ အမေရိကန် ဆေးသုတေသန ကုမ္ပဏီကြီး Pfizerက Omicron မျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်အတွက် အထူးပြု ရည်ရွယ်ထားတဲ့ ကာကွယ်ဆေး ဗားရှင်းအသစ်ကို မကြာခင် ထုတ်လုပ်လာနိုင်ဖွယ် ရှိနေကြောင်း ကြေညာခဲ့ပါတယ်။ ဒီဆေးဟာ မတ်လလောက်မှာ စျေးကွက်ထဲ ရောက်လာမယ်လို့ မှန်းဆနေပြီး ပညာရှင်တွေ ကြားမှာတော့ ဒီလို ကာကွယ်ဆေးမျိုး လိုမလို အငြင်းပွားမှုတွေ ရှိနေပါတယ်။ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ဟာ မျိုးဗီဇ ပြောင်းလဲမှုတွေ အရမ်းမြန်ဆန်တာကြောင့် လပိုင်းအတွင်း Omicronကို လွှမ်းမိုးသွားမယ့် နောက်ထပ် မျိုးကွဲသစ် တစ်ခု ထပ်မံ ထွက်ပေါ်လာနိုင်တယ်လို့ ယူဆတဲ့ ပညာရှင်တွေက ဒီကာကွယ်ဆေးဟာ အချည်းနှီး ဖြစ်သွားနိုင်ကြောင်း ဝေဖန် ထောက်ပြထားကြပါတယ်။


















































