Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အရပ်သားခေါင်းဆောင်မှုကို စစ်ပွဲထဲမှာအကောင်းဆုံးပြနိုင်သူ ⎯ သမ္မတ ဇီလန်စကီး

ဒီတစ်ပတ် ❝ ပြောပြဦးမယ် ❞ အစီအစဥ်ကနေ ပြောပြပေးမယ့် အကြောင်းအရာကတော့ ၇ လနီးပါးကြာမြင့်လာပြီဖြစ် တဲ့ရုရှား-ယူကရိန်းစစ်ပွဲ ရေချိန်နဲ့ နိုင်ငံ့ခေါင်းဆောင် ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ခေါင်းဆောင်မှုအကြောင်းပဲဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်ကို အလိုအပ်ဆုံး ဖြစ်နေတဲ့ ကာလမျိုးမှာတောင် အရပ်သား နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ရဲ့ အခန်းကဏ္ဍက ဘယ်လောက် ကြီးမားသလဲ၊ ဘယ်လောက် အရေးပါသလဲ ဆိုတာကို အကောင်းဆုံး ထင်ဟပ်ပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ❞

❝ ယူကရိန်းက အနက်ဖွင့်ဆိုပြခဲ့တဲ့ နိုင်ငံခေါင်းဆောင် တစ်ယောက်ရဲ့ တန်ဖိုး ❞

သီတင်းပတ် နည်းနည်းလောက် အကြာမှာပဲ ပွဲပြတ်သွားလိမ့်မယ်လို့ တစ်ကမ္ဘာလုံးလိုလို ခန့်မှန်းခဲ့ကြဖူးတဲ့ ရုရှား-ယူကရိန်း စစ်ပွဲဟာ အခုဆိုရင် ၇ လနီးပါးလောက်ထိ ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီအတောအတွင်း စစ်ပွဲရဲ့ အခြေအနေတွေဟာ အံ့ဩစရာ ကောင်းလောက်အောင် ပြောင်းလဲလာခဲ့ပြီး အခုအခါမှာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် ကျူးကျော်သူ ရုရှားတပ်တွေ အသည်းအသန် ဆုတ်ခွာ ထွက်ပြေးရတယ်ဆိုတဲ့ သတင်းတွေကို နိုင်ငံတကာ မီဒီယာတွေက ခေါင်းကြီးပိုင်း သတင်းအဖြစ် ဝေဝေဆာဆာ ဖော်ပြနေကြပါပြီ။
ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်ခုရဲ့ ကျူးကျော်စစ်ကို ကြံ့ကြံ့ခံ တွန်းလှန်ပြီး တကျော့ပြန် အောင်ပွဲတွေပါ ရယူလာနိုင်တာနဲ့ ပတ်သက်ပြီး ယူကရိန်း စတပ်ရဲ့ စိတ်ဓာတ်နဲ့ တိုက်ရည်ခိုက်ရည်ကို ချီးကျူးရမှာ ဖြစ်ပေမယ့် နိုင်ငံခေါင်းဆောင် ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အခန်းကဏ္ဍကိုလည်း ချန်လှပ်ထားလို့ မရပါဘူး။

ဇီလန်စကီးဟာ စစ်ဒဏ်ကို အလူးအလဲ ခံစားနေရပြီး စစ်တပ်အပေါ် အလုံးစုံ မှီခိုနေရတဲ့ အခြေအနေမျိုးမှာတောင် အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံရေးသမား တစ်ယောက်ရဲ့ ခေါင်းဆောင်မှုက ဘယ်လောက် အရေးပါသလဲ ဆိုတာကို လက်တွေ့ မှတ်ကျောက် တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဟာသလူရွှင်တော် တစ်ယောက်ရဲ့ ဘဝကနေ နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက်လာခဲ့သူပါ။ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတာနဲ့ အလွယ်တကူ အလျှော့ပေး အညံ့ခံသွားလိမ့်မယ်လို့ အထင်မြင်သေး ခံခဲ့ရ၊ လျှော့တွက်ခံခဲ့ရဖူးတဲ့ သေးသေးသွယ်သွယ် ပုဂ္ဂိုလ်​လေး တစ်ယောက်ဟာ အခုအချိန်မှာတော့ တစ်ကမ္ဘာလုံး လေးစားချီးကျူးရတဲ့ နိုင်ငံ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။

Public Service Announcement

Public Service Announcement

အခုလဆန်းပိုင်းကစလို့ ယူကရိန်း တပ်တွေဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက ရုရှား ထိန်းချုပ်နယ်မြေတွေကို ဖိဖိစီးစီး တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး အံ့မခန်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ရုရှားတပ်တွေဟာ ခါကစ်ဗ်ပြည်နယ် ထက်ဝက်စာလောက် နယ်မြေတွေကို ရရှိဖို့ အသက်သွေးချွေးတွေ အများကြီးရင်းပြီး လပေါင်းအတော်ကြာ တိုက်ယူခဲ့ရပါတယ်။ ဒါပေမဲ့ ယူကရိန်းက တန်ပြန်ထိုးစစ် စလာတဲ့အခါ တစ်ပတ်အတွင်း အဲဒီ နယ်မြေတွေ အားလုံးလိုလိုကို ရုရှားက လက်လွှတ်လိုက်ရပါတယ်။ ရုရှားတပ်တွေဟာ ယူကရိန်း စစ်ကြောင်းတွေ ဝန်းရံ ပိတ်ဆို့လာမှာကို ကြောက်လန့်ပြီး သွေးရူးသွေးတမ်း ဆုတ်ခွာရတဲ့အထိ ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်ခဲ့ကြတာပါ။

အခုသီတင်းပတ်ထဲမှာတော့ ဇီလန်စကီးဟာ ယူကရိန်းတပ်တွေ ပူပူနွေးနွေး ပြန်သိမ်းယူထားတဲ့ အစ်ဇ်ယွမ်မြို့ကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး စစ်သည်တွေကို အားပေး နှုတ်ဆက်ခဲ့ပါတယ်။ ပြီးတော့ ရုရှား အလံကို ဖြုတ်ချပြီး ယူကရိန်း နိုင်ငံတော်ကို လွှင့်တင်တဲ့ အခမ်းအနားကိုလည်း တက်ရောက် အလေးပြုခဲ့တယ်။ ဇီလန်စကီးဟာ အစ်ဇ်ယွမ်မှာ နာရီပိုင်းလောက်ကြာအောင် နေခဲ့ပြီး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သည်တွေကို အလေးအနက် ကျေးဇူးတင်စကား လိုက်ပြောခဲ့တယ်။ စစ်သည်တွေနဲ့အတူ တပျော်တပါး Selfie တွေရိုက်ရင်း​ အောင်ပွဲခံခဲ့တယ်။ တကယ်တော့ အစ်ဇ်ယွမ်ဟာ ရှေ့တန်း စစ်မျက်နှာပြင် အဖြစ်သာ ရှိနေဆဲဖြစ်ပြီး သမ္မတကိုယ်တိုင် သွားရောက်တယ်ဆိုတာ အန္တရာယ် များလွန်းပါတယ်။ ဒါပေမဲ့ ဇီလန်စကီးက နည်းနည်းလေးတောင် နောက်တွန့်ဟန် မရှိဘဲ အရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်မျိုးဟာ စွန့်စားရာ ကျလွန်းပေမယ့် ယူကရိန်း တပ်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ စိတ်ဓာတ်ရေးရာ မြှင့်တင်မှု တစ်ခုပါပဲ။ နိုင်ငံကို ကာကွယ်ဖို့ အသက်ပေး တိုက်ပွဲဝင်နေတဲ့ စစ်သည်တွေအတွက် သူတို့ရဲ့ ခေါင်းဆောင်ရဲ့ အကြောက်အရွံ့ကင်းမှုဟာ အစွမ်းထက်တဲ့ အားဆေးတစ်ဖုံ ဖြစ်ခဲ့ပါလိမ့်မယ်။

ရုရှားတပ်တွေ ယူကရိန်းနယ်စပ်ကို ကျူးကျော်လာတဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကစလို့ ဇီလန်စကီးဟာ ရုရှားအစိုးရကိုသာ မကဘဲ တစ်ကမ္ဘာလုံး အငိုက်မိသွားလောက်မယ့် အလှည့်အပြောင်းတွေကို ဖန်တီးပြခဲ့ပါတယ်။ လက်နက် အင်အားကြီး နိုင်ငံဖြစ်တဲ့ ရုရှားရဲ့ အရပ်မျက်နှာ ပေါင်းစုံက တပြိုင်တည်း ထိုးစစ်ဆင်လာမှုကို ယူကရိန်း အနေနဲ့ ဘယ်လိုမှ တောင့်မခံနိုင်တဲ့အတွက် ဇီလန်စကီးဟာ စောစောစီးစီး ဘေးလွတ်ရာ ထွက်ပြေးလိမ့်မယ်လို့ အားလုံးက ယူဆခဲ့ကြတယ်။ အနောက် မဟာမိတ် နိုင်ငံတွေကလည်း ဇီလန်စကီးနဲ့ မိသားစုကို ခေါ်ထုတ်ဖို့ လေယာဉ် စီစဉ်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ သမ္မတရော၊ သူ့မိသားစုပါ ကိယက်ဗ်မြို့တော်ကနေ တစ်ဖဝါးမှ မခွာကြဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျူးကျော်စစ် အစောပိုင်း ကာလတွေမှာ ရုရှားရဲ့ လေထီးဆင်း ကွန်မန်ဒိုတွေက သမ္မတ အိမ်တော်နားထိ ရောက်လာတဲ့ အခြေအနေမျိုးမှာတောင် ဇီလန်စကီးက မတုန်လှုပ်ခဲ့ပါဘူး။ သူ့ရဲ့ ရပ်တည်မှုဟာ စစ်ပွဲရဲ့ ချိန်ခွင်လျှာ အလှည့်အပြောင်းတွေကို အစပြုလာစေခဲ့ပါတယ်။

အင်အားကြီး နိုင်ငံတစ်ခုရဲ့ ကျူးကျော်မှုကြောင့် တုန်လှုပ် ကြောက်လန့်နေတဲ့ ယူကရိန်း ပြည်သူတွေဟာ သူတို့ သမ္မတရဲ့ ခေါင်းဆောင်မှုကို ယုံကြည်လာကြတယ်။ ယူကရိန်း စစ်တပ်တွေဟာ သူတို့ကို စွန့်ခွာပြီး ကိုယ်လွတ်ရုန်း ပြေးသွားမှာ မဟုတ်တဲ့ ခေါင်းဆောင်အတွက် ပိုပြီး သတ္တိရှိရှိ တိုက်ပွဲ​ဝင်လာကြတယ်။ ယူကရိန်းပြည်သူ မြောက်မြားစွာက လက်နက်တွေ ကိုင်ဆောင်ပြီး ကိုယ့်မြို့ကိုယ့်ရွာထဲ ကျူးကျော်လာမယ့် ရုရှားတွေကို ရွပ်ရွပ်ချွံချွံ စတင်ခုခံလာတယ်။ ရုရှားအစိုးရနဲ့ ရုရှားစစ်တပ်အတွက် လုံးဝ မထင်မှတ်ဘဲ အရှိုက်ထိုး ခံလိုက်ရတာကတော့ စစ်ပွဲစပြီးမှ ပေါ်ပေါက်လာတဲ့ ယူကရိန်း ပြည်သူ့စစ်တွေပါပဲ။ ယူကရိန်း စစ်တပ်ကို ပြည်သူ့စစ်တွေ သွားရောက် ပေါင်းစည်းလိုက်တဲ့ စွမ်းအားက ရုရှားရဲ့ ထိုးစစ် အစီအမံ အားလုံးကို ကမောက်ကမ ဖြစ်သွားစေပါတယ်။ နောက်ဆုံးမှာတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ကိယက်ဗ် မြို့တော်ကိုပါ အရသိမ်းယူမယ်ဆိုတဲ့ မူလ ရည်မှန်းချက်ကို စွန့်လွှတ်ပြီး ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက နယ်မြေတွေကို ရသလောက် ဖဲ့ယူဖို့ Plan B ပြောင်းလိုက်ရပါတော့တယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်နဲ့ အနောက် မဟာမိတ်တွေကလည်း ဇီလန်စကီးရဲ့ ရပ်တည်မှုအပေါ် ပိုပြီး ယုံကြည်လာတယ်။ ဒီသမ္မတဟာ သူ့နိုင်ငံအတွက် ကျားကုတ်ကျားခဲ၊ ရေကုန်ရေခန်း ကာကွယ် တိုက်ခိုက်လိမ့်မယ်လို့ သဘောပေါက်လာတဲ့အခါ NATO မဟာမိတ် နိုင်ငံတွေက ယူကရိန်းကို စစ်လက်နက်တွေ တင်ပို့ပေးဖို့ အရင်ကထက် သဒ္ဓါပေါက်လာတယ်။ ဇီလန်စကီးကလည်း တစ်ကမ္ဘာလုံးရဲ့ ကရုဏာကို ရအောင်ယူပြီး ရုရှားအတွက် သွယ်ဝိုက် ဖိအားတွေ ဖန်တီးပေးခဲ့တယ်။ လက်နက်အင်အား မမျှလို့ အထိနာနေတဲ့ ယူကရိန်း တပ်တွေရဲ့ အခြေအနေကို တစ်ကမ္ဘာလုံး အာရုံစိုက်မိအောင် လုပ်ဆောင်ခဲ့တာကြောင့် မဟာမိတ် နိုင်ငံတွေဆီက ပိုမိုကောင်းမွန်တဲ့ မဟာဗျူဟာ စစ်လက်နက် အကူအညီတွေ ရရှိအောင် လှုံ့ဆော်နိုင်ခဲ့တယ်။ တကယ်တော့ အနောက်နိုင်ငံတွေကလည်း ရုရှားနဲ့ တိုက်ရိုက် ပဋိပက္ခ မဖြစ်ချင်လို့ ယူကရိန်းကို လက်နက် ထောက်ပံ့တာတောင် ကာကွယ်ရေး ကဏ္ဍမှာပဲ သုံးရမယ် ဆိုတာမျိုး ကတိကဝတ်တွေ ချည်နှောင်ထားကြပါသေးတယ်။ ဇီလန်စကီးဟာ စစ်ပွဲမှာ ကူမတိုက်ပေးတဲ့အတွက် မဟာမိတ်တွေကို အပြစ်ပြောမနေဘဲ လက်တွေ့ကျတဲ့ လက်နက် အကူအညီကိုပဲ ရနိုင်သမျှရအောင် ကြိုးစားခဲ့တယ်။ အခုဆိုရင် သူ့ရဲ့ အားထုတ်မှုကြောင့် ယူကရိန်းမှာ မရှိတဲ့ တာဝေးပစ် ဒုံးကျည် လက်နက်တွေကိုတောင် အမေရိကန်နဲ့ ဗြိတိန်တို့က တင်ပို့ပေးနေပါပြီ။ ရုရှားတပ်တွေ အကြီးအကျယ် အထိနာလာရာမှာ အဲဒီလက်နက်တွေရဲ့ အစွမ်းထက်မှုနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။

တကယ်တော့ ဇီလန်စကီးမှာ စစ်ရေးအတွေ့အကြုံ ဘာမှ မရှိခဲ့ပါဘူး။ ဒါ့အပြင် ဟာသသရုပ်ဆောင် ဘဝတုန်းက သူဟာ ယူကရိန်း နိုင်ငံရေးသမားတွေကိုရော၊ စစ်တပ်ကိုပါ သရော်တာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အရေးကြုံလာချိန်မှာတော့ သက်လုံကောင်းလွန်းတဲ့ ဇီလန်စကီးကို ယူကရိန်း စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေက လေးစား ချစ်ခင်နေကြပါပြီ။ အလားတူပဲ ဇီလန်စကီးဟာ စစ်ရေး အခင်းအကျင်းတွေနဲ့ ပတ်သက်ရင် အတွေ့အကြုံ ပြည့်ဝတဲ့ စစ်ဦးစီး အရာရှိတွေရဲ့ အကြံပေးချက်တွေကို လေးလေးစားစား နားထောင်ခဲ့ကြပါတယ်။ ရန်သူတော် ရုရှားဖက်မှာ အစိုးရက စစ်နိုင်နေကြောင်း ရွှန်းရွှန်းဝေအောင် ဝါဒဖြန့်နေတဲ့အချိန် အောက်ခြေမှာ စစ်သားတွေ ပြုတ်ပြုတ်ပြုန်းနေတဲ့ အဆီအငေါ် မတည့်မှုမျိုး ယူကရိန်းဖက်မှာ မရှိခဲ့ပါဘူး။ ဒီအခြေအနေတွေက ရေရှည်မှာ ကွဲပြားတဲ့ အားသာချက်၊ အားနည်းချက်တွေ ဖြစ်လာစေပါတယ်။

အခုဆိုရင် အမြဲတမ်းလိုလို စစ်နိုင်နေကြောင်း ကြက်တူရွေး စာချသလို တတွတ်တွတ် ဝါဒဖြန့်နေကျ ရုရှား မီဒီယာတွေတောင် လေသံပြောင်းလာပြီး ခါကစ်ဗ်က ရှေ့တန်း စစ်မြေပြင်မှာ အခြေမလှ ဖြစ်နေကြောင်း ဝန်ခံလာရပါပြီ။ ရုရှားမှာလည်း မြူနီစီပယ် အုပ်ချုပ်ရေးမှူး တချို့က စစ်ပွဲရလဒ် ဆိုးနေတာကြောင့် ရုရှားအတွက် နစ်နာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပူတင်ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုတာတွေ ဖြစ်လာပါတယ်။ ပူတင်ရဲ့ ဩဇာသက်ရောက်မှုကို အစိုးရ အမှုထမ်းတွေ ကိုယ်တိုင်က ဒီလို စိန်ခေါ်တယ် ဆိုတာမျိုး အရင်က မကြုံဖူးပါဘူး။ ဒါပေမဲ့ အဲဒီ မြူနီစီပယ် အုပ်ချုပ်ရေးမှူးတွေကလည်း သဘောထား မှန်ကန်တာမျိုး မဟုတ်ဘဲ ရုရှားသာ စစ်နိုင်နေရင် ငြိမ်ပြီး ထောက်ခံနေကြမယ့် သဘောပါ။ အခုက အခြေအနေတွေ ဆိုးစပြုလာလို့ ပူတင်ကို တရားခံ ကြိုရှာထားတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ တကယ်လည်း ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် အဓိက တာဝန်ခံရမှာက ပူတင်ကိုယ်တိုင်ပါပဲ။ သူဟာ လွယ်လွယ်လေးနဲ့ နိုင်မယ်ထင်တဲ့ မြင်းကို ရွေးလောင်းလိုက်ပေမယ့် ရင်ဝတည့်တည့် မြင်းအကန်ခံရသလို ဖြစ်နေပါပြီ။

စစ်ရေးအရ အခြေမလှတာတွေ ကြုံလာတဲ့ နေရာမှာ ရုရှားစစ်တပ်ရဲ့ စီမံခန့်ခွဲမှုနဲ့ ထောက်လှမ်းရေး စွမ်းရည်တွေကလည်း မေးခွန်းထုတ်စရာပါပဲ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းဟာ နိုင်ငံတောင်ပိုင်းက ရုရှားထိန်းချုပ် နယ်မြေတွေကို ဖြည်းဖြည်းနဲ့ မှန်မှန် ထိုးစစ်ဆင်နေခဲ့ပါတယ်။ ရုတ်တရက်ကြီး သိသာထင်ရှားတဲ့ ရလဒ်ကောင်းမျိုး မရှိပေမယ့် မြို့ရွာ သေးသေးလေး တချို့ကို ယူကရိန်း တပ်တွေက ပြန်သိမ်းယူနိုင်ခဲ့တယ်။ အဲဒီအခါမှာ ရုရှား စစ်ဦးစီးတွေက ယူကရိန်း အရှေ့ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို ကမန်းကတမ်း ခေါ်ယူပြီး တောင်ပိုင်း စစ်မြေပြင်ဆီ အားဖြည့်ခဲ့ပါတယ်။ ရန်သူအင်အား ချိနဲ့သွားပြီဖြစ်တဲ့ အရှေ့ပိုင်း ဒေသကို ယူကရိန်းက ရုတ်တရက် ထိုးစစ်ဆင်လိုက်တဲ့အခါ ရုရှားတွေ အငိုက်မိပြီး အလဲလဲ အကွဲကွဲ ဖြစ်ကုန်တော့တာပါပဲ။

ဇီလန်စကီးကတော့ အစ်ဇ်ယွမ်မြို့ကို ရောက်ရှိချိန်မှာ ယူကရိန်းဟာ ပိုင်နက်နယ်မြေ တစ်လက်မမကျန် အရပြန်ယူနိုင်မယ်လို့ ယုံကြည်ကြောင်း မိန့်ခွန်း ပြောသွားပါတယ်။ သူဟာ အဲဒီ အခြေအနေမျိုး ရောက်တဲ့ထိ မဆုတ်မနစ် ကြိုးစားနေမယ် ဆိုတာကတော့ သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ နိုင်ငံရဲ့ ပိုင်နက်နယ်မြေ စုစုပေါင်း ၅ ပုံ ၁ ပုံလောက်ကို ရုရှားတွေက သိမ်းပိုက်ထားဆဲ ဖြစ်တဲ့အတွက် ဒီရည်မှန်းချက် အထမြောက်ဖို့ အတော်လေး အချိန်ယူရဦးမယ် ဆိုတာတော့ သေချာပါတယ်။ ရုရှားနဲ့ ယူကရိန်းဆိုတာ ဆိုဗီယက် ပြည်ထောင်စုကနေ ဆင်းသက်လာကြတာချင်း တူပေမယ့် ဓနအင်အား၊ စစ်အင်အား အစစအရာရာ ကွာခြားလွန်းပါတယ်။ ဒါပေမဲ့လည်း ထိရောက်ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ လမ်းပြမှုအောက်မှာ ယူကရိန်း ပြည်သူတွေနဲ့ ယူကရိန်း စစ်တပ်ဟာ ရုရှားတွေအပေါ် စိတ်ဓာတ်ရေးရာ အသာစီး ယူလာနိုင်ခဲ့ပါပြီ။ ရုရှားတပ်တွေက လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေကို စွန့်ခွာပြီး ကစဉ့်ကလျား ထွက်ပြေးနေချိန်တွေမှာ ယူကရိန်း တပ်တွေကတော့ စုစုစည်းစည်း ချီတက်ရင်း ပိုင်နက်နယ်မြေတွေကို ပြန်သိမ်းယူဖို့ နိုးကြား တက်ကြွနေကြပါတယ်။

ဒီစစ်ပွဲရဲ့ ရလဒ်ဟာ ဘယ်လိုဘယ်ပုံ အဖြေထွက်ပြီး အဆုံးသတ်သွားမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ လက်နက်အင်အား၊ စစ်အင်အားသာတိုင်း အလွယ်တကူ အနိုင်ရလိမ့်မယ်ဆိုတဲ့ အပေါ်ယံ အတွေးအခေါ်တွေ အားလုံးကို ရိုက်ချိုးပြနိုင်ခဲ့ပါတယ်။ ယူကရိန်း ပြည်သူတွေဟာ သူတို့ချစ်တဲ့ အမိမြေအတွက် ဘယ်လိုဘယ်ပုံ စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး ကာကွယ်ခဲ့တယ် ဆိုတာကို ဆွေစဉ်မျိုးဆက် ဂုဏ်ယူဝံ့ကြွားစွာနဲ့ လက်ဆင့်ကမ်း ပြောပြကြပါလိမ့်မယ်။ ပြီးတော့ သူတို့ ပိုင်ဆိုင်ခဲ့တဲ့ ထူးချွန်ပြီး သတ္တိကောင်းတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အကြောင်းကိုရောပေါ့။ ဇီလန်စကီးကတော့ နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်ကို အလိုအပ်ဆုံး ဖြစ်နေတဲ့ ကာလမျိုးမှာတောင် အရပ်သား နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ရဲ့ အခန်းကဏ္ဍက ဘယ်လောက် ကြီးမားနိုင်သလဲ၊ ဘယ်လောက် အရေးပါနိုင်သလဲ ဆိုတာကို အကောင်းဆုံး ထင်ဟပ်ပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

People’s Spring ရဲ့ ❝ပြောပြဦးမယ် ❞ အစီအစဥ်ကို အပတ်စဥ် တနင်္ဂနွေနေ့ ည၈ နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။