Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Turbulence ကြုံခဲ့တဲ့ လေယာဉ်ပေါ်မှာ ကျောရိုးထိခိုက်သူ ၂၀ ကျော်ရှိပြီး ၆ ဦး အခြေအနေ စိုးရိမ်ရ

ဒဏ်ရာရထားသူတွေထဲမှာ ဗြိတိန်က ၁၀ ဦး၊ ဩစတြေးလျက ၉ ဦး၊ မလေးရှားက ၇ ဦး ဖိလစ်ပိုင်က ၄ ဦး ပါဝင်ပြီး အသက်အကြီးဆုံးက ၈၃ နှစ်အရွယ် ဖြစ်တယ်လို့ ဆေးရုံရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Turbulence ကြုံခဲ့တဲ့ လေယာဉ်ပေါ်မှာ ကျောရိုးထိခိုက်သူ ၂၀ ကျော်ရှိပြီး ၆ ဦး အခြေအနေ စိုးရိမ်ရ
Turbulence ကြုံခဲ့တဲ့ လေယာဉ်ပေါ်မှာ ကျောရိုးထိခိုက်သူ ၂၀ ကျော်ရှိပြီး ၆ ဦး အခြေအနေ စိုးရိမ်ရ

ပြင်းထန်တဲ့ လေထု အပြောင်းအလဲ အခြေအနေ (Turbulence)ကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ခရီးသည်တင် လေယာဉ်ပေါ်မှာ ဒဏ်ရာရခဲ့သူ ၂၀ ကျော်ဟာ ကျောရိုးထိခိုက်မှုတွေ ကြုံတွေ့ ခံစားခဲ့ရကြောင်း စင်ကာပူ လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက လန်ဒန်ကနေ စင်ကာပူကို ပျံသန်းလာတဲ့ ခရီးစဉ်အမှတ် SQ321ဟာ မြန်မာ လေပိုင်နက်ကို ဖြတ်ကျော်နေတုန်း မိုးကြိုးမုန်တိုင်း တစ်ခုနဲ့ တိုးရာက လေထု အပြောင်းအလဲကြောင့် ပြင်းပြင်းထန်ထန် ခါရမ်းမှုတွေကို စက္ကန့် ၉၀ ဝန်းကျင်လောက် သက်ရောက် ခံစားခဲ့ရပါတယ်။ အဲဒီနောက် လေယာဉ်မှူးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်မှာ လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ပါတယ်။

လေယာဉ်ပေါ် လိုက်ပါခဲ့သူ ခရီးသည် ၂၁၁ ဦးနဲ့ အမှုထမ်း ၁၈ ဦးထဲမှာ ခရီးသည် ၄၆ ဦးနဲ့ အမှုထမ်း ၂ ဦးဟာ လက်ရှိ အချိန်ထိ ဘန်ကောက်မှာ ဆေးရုံတက် ကုသမှု ခံယူနေရဆဲလို့ လေကြောင်းလိုင်းက ပြောပါတယ်။ ဆေးရုံတက်နေရတဲ့ထဲမှာ အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်ပါတယ်။ လေထဲမှာ လေယာဉ် ဝရုန်းသုန်းကား ဖြစ်သွားချိန်တုန်းကတော့ သက်ကြီးပိုင်း ဗြိတိန် အမျိုးသားတစ်ဦးဟာ နှလုံးဖောက်ပြီး ကွယ်လွန်ခဲ့ပါတယ်။

ဘန်ကောက်မှာရှိတဲ့ ဆမီတီဗာဂျ် ဆရီနာကာရင် ဆေးရုံအုပ်က သူတို့ဆေးရုံမှာ လက်ခံ ကုသပေးနေတဲ့ ခရီးသည် ၄၁ ဦးရှိပြီး တစ်ဝက်လောက်က အရေးပေါ် ကြပ်မတ်ကုသဆောင် (ICU)ထဲမှာလို့ ပြောပါတယ်။ ခရီးသည် ၂၂ ဦးဟာ ကျောရိုးထိခိုက်မှုတွေ ခံစားခဲ့ရသလို ခွဲစိတ်မှု ခံယူရမယ့်သူတွေလည်း ရှိကြောင်း၊ အဲဒီထဲကမှ ၆ ဦးရဲ့ အခြေအနေက အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် ပြင်းထန်ကြောင်း ဆေးရုံအုပ် အဒီနွန် ကစ်တီရာတန်နာပိုင်ဘူလ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနဦး စစ်ဆေးတွေ့ရှိချက်တွေနဲ့ မျက်မြင်တွေရဲ့ ထွက်ဆိုချက်အရ လေယာဉ်ဟာ Turbulenceနဲ့ ကြုံချိန်မှာ ရုတ်တရက် နိမ့်ဆင်းသွားပြီး အဆက်မပြတ် ခါရမ်းခဲ့ကြောင်း၊ အဲဒီအချိန် ခါးပတ် ပတ်မထားတဲ့ ခရီးသည်တွေဟာ လေယာဉ် မျက်နှာကျက်ကိုပါ အရှိန်နဲ့ ဝင်ဆောင့်ခဲ့ကြကြောင်း သိရပါတယ်။

မတော်တဆ ဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက် ၇၃ နှစ်အရွယ် ဂျော့ဖ်ကစ်ချန်း ဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ဆေးရုံ တက်နေတဲ့ထဲမှာ ဦးခေါင်းနဲ့ ဦးနှောက် ထိခိုက်မှု ခံရသူ ၆ ဦး၊ ကြွက်သားနဲ့ တစ်သျှူးပျော့တွေ ထိခိုက်တဲ့ အခြေအနေ ကြုံရသူ ၁၃ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ခွဲစိတ်ဖို့ လိုအပ်ခဲ့တဲ့ လူနာ ၁၇ ဦးထဲမှာ ၉ ယောက်က ကျောရိုးမနဲ့ ဆက်စပ် ထိခိုက်သူတွေလို့ အဒီနွန်က ပြောပါတယ်။

ဒဏ်ရာရထားသူတွေထဲမှာ ဗြိတိန်က ၁၀ ဦး၊ ဩစတြေးလျက ၉ ဦး၊ မလေးရှားက ၇ ဦး ဖိလစ်ပိုင်က ၄ ဦး ပါဝင်ပြီး အသက်အကြီးဆုံးက ၈၃ နှစ်အရွယ် ဖြစ်တယ်လို့ ဆေးရုံရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Boeing 777-300 အမျိုးအစား လေယာဉ်ပေါ်မှာ လိုက်ပါခဲ့ပြီး ဆိုးဆိုးရွားရွား ဒဏ်ရာမရခဲ့တဲ့ ခရီးသည်တွေကိုတော့ နောက်တစ်နေ့၊ မေလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ စင်ကာပူကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ စင်ကာပူ အစိုးရက အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကတိပြု ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ထိုင်းရဲစခန်းတစ်ခုလုံးကို နှင်းဆီပန်းတွေ ဝေခဲ့ဟု​ခေတ္တဖမ်းဆီးစစ်ဆေးခံရသူပြော

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။