အီသီယိုးပီးယား နိုင်ငံမှာ ထရပ်ကားတစ်စီး လမ်းချော်ပြီး မြစ်ထဲ ထိုးကျရာက လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက တောင်ပိုင်း ဆီဒါမာ ပြည်နယ်၊ ဘိုနာ ခရိုင်ထဲမှာ အဲဒီ ဆိုးရွားတဲ့ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ဒီဇင်ဘာ ၃၀ ရက်နေ့ထိ စာရင်းတွေအရ အသေအပျောက် ၇၁ ဦးထိ စာရင်းရထားပြီး အမျိုးသား ၆၈ ဦးနဲ့ အမျိုးသမီး ၃ ဦး ဖြစ်တယ်လို့ ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဝိုဆန်ညယ်လာ ဆီမီယွန်က ပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ၅ ယောက်က အခြေအနေ အရမ်းစိုးရိမ်ရပြီး ဘိုနာ အထွေထွေ ဆေးရုံကြီးမှာ ကုသမှု ခံယူနေကြောင်းလည်း သူက ဆိုပါတယ်။
လူတွေ အများအပြားကို တင်ဆောင်လာတဲ့ ထရပ်ကားဟာ တံတားတစ်စင်းပေါ် အတက်မှာ လွဲချော်သွားပြီး မြစ်ထဲကို အရှိန်နဲ့ ထိုးကျသွားခဲ့တာလို့ သိရပါတယ်။
ထရပ်ကားပေါ်မှာ လိုက်ပါလာသူတွေထဲက တချို့ဟာ မင်္ဂလာပွဲ အခမ်းအနား တစ်ခုကနေ ပြန်လာသူတွေလို့ ဆိုပါတယ်။ ပြီးတော့ မိသားစုလိုက် သေဆုံးသူတွေလည်း ရှိပါတယ်။
ယာဉ်မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ထရပ်ကားပေါ်မှာ လူတွေ အလွန်အကျွံ တင်ထားပြီး ဟန်ချက် ထိန်းဖို့ ခက်ခဲနေခဲ့ခြင်းက အခုအခြေအနေဆိုးဆီ ဦးတည်စေခဲ့တာ ဖြစ်နိုင်တယ်လို့ စုံစမ်းရေး အရာရှိတွေက မှတ်ချက်ပေးထားပါတယ်။
အီသီယိုးပီးယားမှာ လူအသေအပျောက် ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေ ဆိုတာဟာ ပုံမှန်ကြုံတွေ့နေကျ အခြေအနေလို့တောင် ဆိုနိုင်ပြီး တချို့ကိစ္စတွေမှာတော့ အသေအပျောက်က ဒါဇင်တွေနဲ့ချီ များပြားလေ့ ရှိပါတယ်။
၂၀၁၈ တုန်းကလည်း နိုင်ငံမြောက်ပိုင်းက တောင်ထူထပ်ရာ ဒေသမှာ ဘတ်စ်ကားတစ်စီးက လျှိုထဲ ထိုးကျသွားတာကြောင့် ကျောင်းသား အများစု အပါအဝင် လူ ၃၈ ဦး သေဆုံးခဲ့ပါတယ်။
ကိုးကား: CNN