Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ICC ဖမ်းဝရမ်းအရ အင်တာပိုလ် ဖမ်းဆီး

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်လိုက်တဲ့နောက် ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

AP

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်လိုက်တဲ့နောက် ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

မတ်လ ၁၁ ရက်နေ့က ဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာမှာရှိတဲ့ နိုင်ငံတကာ လေဆိပ်ကိုအရောက်မှာ အင်တာပိုလ် ကိုယ်စား ဖိလစ်ပိုင် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သမ္မတအဖြစ် တာဝန်ယူခဲ့စဉ် ကာလအတွင်း မူးယစ်မှောင်ခို ဂိုဏ်းတွေကို လွန်လွန်ကဲကဲ ဖိနှိပ်ဖြိုခွင်းခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒူတာတေးကို အင်တာပိုလ် မနီလာက ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင် အစိုးရကလည်း အတည်ပြုခဲ့ပါတယ်။

မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာ အင်တာပိုလ် မနီလာဟာ ဒူတာတေးအတွက် ICC ဖမ်းဝရမ်း မိတ္တူကို တရားဝင် လက်ခံရရှိခဲ့တယ်လို့ ဖိလစ်ပိုင် သမ္မတ အိမ်တော်က ကြေညာခဲ့ပါတယ်။ လောလောဆယ်တော့ ဒူတာတေးဟာ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုကို ခံထားရပြီး ကျန်းကျန်းမာမာ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒူတာတေးဟာ မတ်လ ၉ ရက်နေ့တုန်းက ဟောင်ကောင်ကို ကြိုတင် မကြေညာဘဲ ရုတ်တရက် ထွက်ခွာသွားခဲ့ပြီး အဲဒါဟာ ICCက သူ့ကို ဖမ်းဝရမ်း ထုတ်တော့မယ့် အခြေအနေကို တိမ်းရှောင်ဖို့ အားထုတ်မှု ဖြစ်နိုင်ကြောင်း ထင်ကြေးတွေ ထွက်ပေါ်ခဲ့ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာတော့ ဒူတာတေးက သူဟာ ICCသာ တကယ်ဝရမ်းထုတ်လာရင် သူ့အနေနဲ့ အဖမ်းခံဖို့ အသင့်ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။ နောက်တော့ ဟောင်ကောင်ကနေ မနီလာကို ပြန်အရောက်မှာပဲ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေဆိပ်မှာ ဒူတာတေးကို ရဲတွေက စောင့်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ တွေ့ခဲ့ချိန်မှာ ဖိလစ်ပိုင် သမ္မတဟောင်းကို အားပေး ထောက်ခံသူတွေ တုန်လှုပ်ပြီး ယောက်ယက်ခတ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒူတာတေးဟာ ၂၀၁၆ ခုနှစ်တုန်းက ဖိလစ်ပိုင် သမ္မတ ဖြစ်လာချိန်မှာ မူးယစ်မှောင်ခိုဂိုဏ်းတွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို စစ်ကြေညာတယ်လို့ ကြုံးဝါးရင်း ရက်စက်ကြမ်းတမ်းတဲ့၊ အထိန်းအကွပ် အားနည်းတဲ့ နည်းလမ်းတွေနဲ့ ပြင်းပြင်းထန်ထန် ဖြိုခွင်းခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ထောင်နဲ့ချီတဲ့ လူတွေ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ သံသယ တရားခံတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒူတာတေး အစိုးရလက်ထက် မူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုင်ရာ စီမံချက်တွေမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ICCကလည်း အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့၊ ဒူတာတေးရဲ့ သစ္စာတော်ခံ လက်နက်ကိုင် စေတနာ့ဝန်ထမ်း ပြည်သူ့လုံခြုံရေး အဖွဲ့တွေ လက်ထဲမှာ ဖိလစ်ပိုင် ပြည်သူ အများအပြား သေဆုံးခဲ့တဲ့ အခြေအနေကိုလည်း နောက်ကြောင်းပြန် စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဖိလစ်ပိုင် ရဲတွေနဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့တွေဟာ လက်နက်ကိုင်ဆောင်မထားတဲ့ မူးယစ် သံသယတရားခံ အများအပြားကို ဒူတာတေးရဲ့ စီမံကွပ်ကဲမှုအောက်မှာ အထိန်းအကွပ်မဲ့ သတ်ဖြတ်ခဲ့တယ်လို့ အခိုင်အမာ စွပ်စွဲခဲ့ပါတယ်။ ဒူတာတေးရဲ့ အစိုးရလက်ထက် ဖိလစ်ပိုင် အာဏာပိုင်တွေကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

ICCရဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တဲ့နောက် ဒူတာတေးဟာ ၂၀၁၉ ခုနှစ် မတ်လမှာ ICCကနေ ဖိလစ်ပိုင်ကို နုတ်ထွက်စေခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ သမ္မတ ဖာဒီနန် မားကို့စ်ရဲ့ ဖိလစ်ပိုင် အစိုးရကတော့ ICCက ဝရမ်းထုတ်ရင် ဒူတာတေးကို လက်လွှဲပေးဖို့ ဆိုတာဟာ စည်းမျဉ်းတွေနဲ့ ညီညွတ်တယ်လို့ ယူဆကြောင်း ပြောကြားထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင်သမ္မဟောင်းဒူတာတေးရဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC )တရားခွင် မစခင် အကြိုစစ်ဆေးကြားနာမှုကို မတ် ၁၄ ရက်မှာ စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ အချုပ်အနှောင်အောက် ရောက်ရှိနေပြီလို့ ICCက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ရှိရာ နယ်သာလန်နိုင်ငံ ဟိဂ်မြို့ကို မတ်လ ၁၂ ရက်မှာ ရောက်ရှိသွားပြီဖြစ်ပါတယ်။

နိုင်ငံတကာ

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုတွေ မြင့်တက်လာတဲ့နောက် ခြင်နှိမ်နင်းရေး အစီအမံ တစ်ခုအနေနဲ့ ဖိလစ်ပိုင်က မြို့တစ်မြို့မှာ အာဏာပိုင်တွေက ခြင်တွေအတွက် ဆုငွေပေးမယ်လို့ ကြေညာခဲ့ပါတယ်။