Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငလျင်ကြောင့် ဘန်ကောက် အဆောက်အအုံ ပြိုကျမှုမှာ ရဲက အလိုရှိနေသူ တစ်ဒါဇင်ကျော် အဖမ်းခံ

ထိုင်းက ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး တစ်ဦးအပါအဝင် လူပေါင်း တစ်ဒါဇင်ကျော်ဟာ ငလျင်ကြောင့် အထပ်မြင့်တိုက် ပြိုကျမှုနဲ့ ပတ်သက်ပြီး ရဲတွေဆီမှာ သွားရောက် အဖမ်းခံခဲ့ကြောင်း သိရပါတယ်။

EPA

ထိုင်းက ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး တစ်ဦးအပါအဝင် လူပေါင်း တစ်ဒါဇင်ကျော်ဟာ ငလျင်ကြောင့် အထပ်မြင့်တိုက် ပြိုကျမှုနဲ့ ပတ်သက်ပြီး ရဲတွေဆီမှာ သွားရောက် အဖမ်းခံခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂၈ ရက်နေ့က အိမ်နီးချင်း မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီးကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဆောက်လက်စ မိုးပျံတိုက်ကြီးတစ်လုံး ပြိုကျသွားခဲ့ပါတယ်။

၃၃ ထပ် တိုက်ကြီးရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် ၃၀ ရာခိုင်နှုန်းလောက်ပဲ ပြီးဆုံးသေးတဲ့ အချိန်မှာ ငလျင်ဒဏ် ခံစားခဲ့ရပြီး အပုံလိုက် ပြိုကျသွားခဲ့တာပါ။ အဲဒီ ဖြစ်ရပ်ကြောင့် လူ ၉၂ သေဆုံးခဲ့ပြီး နောက်ထပ် လူနည်းနည်းလောက်က အပျက်အစီးတွေအောက်မှာ ရှာမတွေ့တော့ပါဘူး။

အဆောက်အအုံ တည်ဆောက်ရေး ကဏ္ဍမှာ အဓိက ကန်ထရိုက်တာအဖြစ် ပါဝင်ခဲ့တဲ့ Italian-Thai Development ကုမ္ပဏီ ဥက္ကဋ္ဌ ပရမ်ချိုင် ကာနာဆူတာနဲ့ ကုမ္ပဏီရဲ့ ဒီဇိုင်နာတွေ၊ အင်ဂျင်နီယာတွေ အပါအဝင် ရဲတွေက အလိုရှိနေသူ ၁၇ ဦးထဲက ၁၅ ဦးဟာ မေလ ၁၆ ရက်နေ့မှာ ရဲတပ်ဖွဲ့ဆီ ဆက်သွယ်ပြီး အဖမ်းခံခဲ့တယ်လို့ ဘန်ကောက် ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ နော့ပါဆင် ပွန်ဆာဝတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ဟာ အဆောက်အအုံ ပြိုကျမှုမှာ လူတွေ သေဆုံးစေလောက်တဲ့ ပေါ့ဆမှု၊ ဝတ္တရား ပျက်ကွက်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်နဲ့ ရဲတွေက အလိုရှိနေတာပါ။ ဒါပေမဲ့ စွပ်စွဲခံရသူ အားလုံးက ဘာအမှားမှ မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

အစိုးရ စာရင်းစစ်ရုံး နေရာအသစ် ဖြစ်လာမယ့် အထပ်မြင့်တိုက်ဟာ ငလျင်ကြောင့် ဘန်ကောက်မှာ ပြိုကျတဲ့ တစ်ခုတည်းသော အဆောက်အအုံပါ။ ဒီအခြေအနေကလည်း အဆောက်အအုံ တည်ဆောက်မှု အပိုင်းမှာ ခိုကပ်တာတွေ၊ ပေါ့လျော့တာတွေ ရှိနိုင်သလားဆိုတဲ့ သံသယ မေးခွန်းတွေကို ပိုပြီး ကြီးထွားစေခဲ့ပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ အဆောက်အအုံ တည်ဆောက်မှုမှာ အသုံးပြုထားတဲ့ သံမဏိတွေထဲက နမူနာ တချို့ဟာ အရည်အသွေး စံနှုန်းမမီဘူး ဆိုတာကို အာဏာပိုင်တွေက စစ်ဆေး တွေ့ရှိထားပါတယ်။

ရရှိထားတဲ့ အထောက်အထားတွေ၊ ထွက်ဆိုချက်တွေ၊ ပြီးတော့ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေအရ ပြိုကျ အဆောက်အအုံဟာ သတ်မှတ် စံနှုန်းတွေ၊ အစီအမံတွေနဲ့ ကိုက်ညီအောင် ဆောက်လုပ်နေခဲ့ခြင်း မရှိဘူးလို့ ယုံကြည်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ နော့ပါဆင်က ပြောကြားသွားပါတယ်။

Bangkok Post သတင်းစာကတော့ ရဲတွေဟာ အဆောက်အအုံရဲ့ ပင်မ ဓာတ်လှေကား တပ်ဆင်မယ့် ထောက်တိုင် နေရာမှာ ဒီဇိုင်းပိုင်း ဟာကွက် ရှိနေခဲ့သလို ကွန်ကရစ်နဲ့ သံမဏိ ကုန်ကြမ်းတွေမှာလည်း အရည်အသွေး ပြဿနာ ရှိနေတယ်လို့ ယူဆထားကြောင်း ဖော်ပြသွားပါတယ်။

မေလ ၁၅ ရက်နေ့မှာတော့ ထိုင်းရဲ့ ရာဇဝတ် ခုံရုံးတစ်ခုက လူ ၁၇ ဦးကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီး နောက်တစ်နေ့ မနက်ပိုင်းမှာ ၁၅ ဦးက ဘန်ကောက် ရဲစခန်းတစ်ခုဆီ ရောက်ရှိလာခဲ့ကြတာပါ။ ကျန်နေသူ ၂ ယောက်ကလည်း ညနေပိုင်းမှာ လာရောက် အဖမ်းခံမယ်လို့ ရဲတွေဆီ ဆက်သွယ် အသိပေးထားကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။