Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာတာ အစိုးရက လက်ဆောင်ပေးတဲ့ ဇိမ်ခံ လေယာဉ်ကို အမေရိကန် လက်ခံယူ

အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ ကာတာ အစိုးရက ပေးအပ်တဲ့ ဇိမ်ခံ လေယာဉ်ကြီးကို အမေရိကန်က လက်ခံယူခဲ့ပါတယ်။

Reuters

အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ ကာတာ အစိုးရက ပေးအပ်တဲ့ ဇိမ်ခံ လေယာဉ်ကြီးကို အမေရိကန်က လက်ခံယူခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ ကာတာ တော်ဝင်မိသားစုက လက်ဆောင်ပေးတဲ့ Boeing 747-8 အမျိုးအစား လေယာဉ်ကို တရားဝင် လက်ခံယူခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနရုံးဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က မေလ ၂၁ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

အမေရိကန်မှာ Air Force Oneအဖြစ် လက်ရှိ အသုံးပြုနေတဲ့ Boeing 747 မော်ဒယ် အဟောင်း နှစ်စီးထဲက တစ်စီးအစား အခု လေယာဉ်ကို အသုံးပြုသွားမှာပါ။ Boeing 747-8တွေဟာ လေပေါ်က နန်းတော်တွေလို့ တင်စားခံရလောက်အောင် အဆင့်အမြင့်ဆုံး ဇိမ်ခံ အသုံးအဆောင်တွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရကလည်း Boeing 747-8 နှစ်စီးကို Air Force Oneတွေအဖြစ် အသုံးပြုဖို့ မှာယူထားပေမယ့် အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Boeingကတော့ သမ္မတရဲ့ လက်ရှိ သမ္မတသက်တမ်း နောက်ဆုံးနှစ်လောက်မှသာ အစောဆုံးအဖြစ် လေယာဉ်တွေ ပို့ဆောင်နိုင်ဖွယ်ရှိကြောင်း မှတ်ချက် ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

တစ်စီးကို ဒေါ်လာ သန်း ၄၀၀ လောက် တန်ဖိုးရှိတဲ့ လေယာဉ်တစ်စီးကို ပြည်ပနိုင်ငံ အစိုးရ တစ်ရပ်က လက်ဆောင်ပေးတာနဲ့ ပတ်သက်လို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းထုတ်မှုတွေ ရှိနေပေမယ့် ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ရှောင်ပါနဲလ်ကတော့ ကာတာဆီကနေ လေယာဉ်တစ်စီး လက်ခံခဲ့တဲ့ ကိစ္စဟာ ရှိရင်းစွဲ ဥပဒေတွေနဲ့ ညီညွတ်ပြီး လုပ်ထုံးလုပ်နည်း အားလုံးလည်း ပွင့်လင်း မြင်သာမှုရှိကြောင်း ပြောကြားသွားပါတယ်။

Air Force Oneအဖြစ် အသုံးမပြုခင် အဲဒီ လေယာဉ်ကို လိုအပ်တဲ့ မွမ်းမံမှုတွေ၊ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေကို သေသေချာချာ ပြန်လည် လုပ်ဆောင်ဦးမယ်လို့လည်း ပါနဲလ်က မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန် ဖွဲ့စည်းပုံ ဥပဒေမှာတော့ အစိုးရ အရာရှိတွေဟာ တခြားနိုင်ငံတွေ၊ ဘုရင်တွေ၊ မင်းသားတွေဆီက လက်ဆောင်တွေကို လက်ခံပိုင်ခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ အခုကိစ္စမှာ ကျင့်ဝတ်ပိုင်း ချိုးဖောက်မှု ဘာမှ မရှိဘူးလို့ ကာကွယ် ပြောကြားထားပြီး ကာတာရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ရင် အမေရိကန်ဟာ ရူးမိုက်ရာ ကျလွန်းလိမ့်မယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ထူးကဲကောင်းမွန်တဲ့ ကမ်းလှမ်းမှုမျိုးကို သူက ဘယ်တော့မှ ငြင်းပယ်မှာ မဟုတ်ကြောင်း၊ အရမ်း တန်ဖိုးကြီးတဲ့ လေယာဉ် တစ်စီးကို အခမဲ့ ရလာမယ့် ကိစ္စကို ငြင်းရလောက်အောင်လည်း သူမရူးသေးကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

တစ်ဖက်မှာတော့ အတိုက်အခံ ဒီမိုကရက်တစ် အထက်လွှတ်တော် အမတ်တွေဟာ ထရမ့်က အဲဒီလေယာဉ်ကို လက်တွေ့ အသုံးပြုနိုင်မှုကနေ တားမြစ်မယ့် အဆိုတစ်ခုကို တင်သွင်းဖို့ စီစဉ်နေပါတယ်။ ဒီမိုကရက်တွေက အရင်က နိုင်ငံခြား အစိုးရတစ်ခု ပိုင်ဆိုင်ခဲ့ဖူးတဲ့ လေယာဉ် တစ်စီးကို အမေရိကန် ပြည်သူတွေရဲ့ အခွန်ငွေတွေ သုံးစွဲပြီး မွမ်းမံ ပြောင်းလဲဖို့ ဆိုတာဟာ လက်သင့်ခံနိုင်စရာ ကိစ္စတစ်ခု မဟုတ်ဘူးလို့ ပြောပါတယ်။

အထက်လွှတ်တော်ရဲ့ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ချက်ခ်ရှူးမားက ထရမ့်ဟာ သူ့အိတ်ကပ်ကို ပြည့်အောင် ဖြည့်ဖို့ဆိုရင် အမေရိကန် ပြည်သူတွေရော၊ သမ္မတ ဂုဏ်ပုဒ်ကိုပါ ရောင်းစားဖို့ ဝန်မလေးဘူး ဆိုတာကို နောက်တစ်ကြိမ် ပြသသွားတာ ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။