Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မေလ ပဋိပက္ခအတွင်း ပါကစ္စတန်ရဲ့ F-16နဲ့ JF-17 တိုက်လေယာဉ် ၅ စီးကို ပစ်ချခဲ့ကြောင်း အိန္ဒိယပြော

မေလတုန်းက နှစ်နိုင်ငံ နယ်စပ် စစ်ရေးပဋိပက္ခမှာ ပါကစ္စတန်ရဲ့ F-16နဲ့ JF-17 တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ အိန္ဒိယ လေတပ်က လအတော်ကြာပြီးချိန်မှာ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AFP

မေလတုန်းက နှစ်နိုင်ငံ နယ်စပ် စစ်ရေးပဋိပက္ခမှာ ပါကစ္စတန်ရဲ့ F-16နဲ့ JF-17 တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ အိန္ဒိယ လေတပ်က လအတော်ကြာပြီးချိန်မှာ ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့မှာတော့ အိန္ဒိယ လေတပ် အကြီးအကဲ ပရိထ်ဆင်းက ပါကစ္စတန် လေတပ် ဆုံးရှုံးခဲ့တယ်ဆိုတဲ့ လေယာဉ် အမျိုးအစားတွေကို ထုတ်ပြောခဲ့တာပါ။ အရင်က အိန္ဒိယဟာ ပါကစ္စတန်ဖက်က တိုက်လေယာဉ် ၅ စီးနဲ့ တခြား စစ်သုံးလေယာဉ် ၁ စီးကို ပစ်ချခဲ့တယ်လို့ ပြောခဲ့ဖူးပေမယ့် အမျိုးအစားတွေကိုပါ အတိအကျ ထုတ်ပြောတာကတော့ ဒါပထမဆုံးပါပဲ။

အဲဒီတုန်းက နျူကလီးယား လက်နက်ပိုင် အိမ်နီးချင်း နိုင်ငံနှစ်ခုရဲ့ တိုက်လေယာဉ်တွေဟာ နယ်စပ်မှာ လေပိုင်နက် မကျော်ကြဘဲ အဝေးကနေ ဒုံးကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။ ဆင်းက အိန္ဒိယ တိုက်လေယာဉ်တွေရဲ့ ပစ်ချမှုကြောင့် ပါကစ္စတန်ရဲ့ တရုတ်လုပ် JF-17နဲ့ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ပျက်ကျခဲ့တယ်လို့ ပြောကြားသွားပါတယ်။

အဲဒီ လေကြောင်းစစ်ပွဲဟာ တိုက်လေယာဉ်တွေ အချင်းချင်း အနီးကပ် အလဲအကွဲ ပစ်ကြခတ်ကြ မဟုတ်တော့ဘဲ မမြင်နိုင်လောက်အောင် ဝေးကွာတဲ့ နေရာကနေ အားကောင်းတဲ့ ရေဒါတွေ၊ တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုပြီး ပစ်ချကြတဲ့ ခေတ်သစ် ဝေဟင်စီးချင်း တိုက်ပွဲတွေရဲ့ သရုပ်သကန်ကို မြင်သာလာစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ လက်ချက်ကြောင့် F-16နဲ့ JF-17 တိုက်လေယာဉ်တွေ ဆုံးရှုံးခဲ့တယ် ဆိုတာကို ပါကစ္စတန်ဖက်ကတော့ ဘာမှ မတုံ့ပြန်သေးပါဘူး။

ပါကစ္စတန်ကလည်း မေလ ၇ ရက်နေ့ လေကြောင်းတိုက်ပွဲအတွင်း အိန္ဒိယ လေတပ်ရဲ့ ခေတ်အမီဆုံးဖြစ်တဲ့ ပြင်သစ်လုပ် Rafale တိုက်လေယာဉ် ၃ စီး၊ ရုရှားလုပ် တိုက်လေယာဉ်တွေဖြစ်တဲ့ MiG-29 ၁ စီးနဲ့ SU-30MKI ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ အိန္ဒိယက စစ်ပွဲမှာ အဆုံးအရှုံးတွေ ရှိခဲ့တယ်ဆိုတာကို ဝန်ခံပေမယ့် တိုက်လေယာဉ် ၅ စီးနဲ့ ဒရုန်း ၁ စီး ပစ်ချခံရတယ် ဆိုတာကိုတော့ ငြင်းပယ်ခဲ့ပါတယ်။

ဧပြီလတုန်းက အိန္ဒိယပိုင် ကက်ရှ်မီးယား ဒေသထဲမှာ ခရီးသွားဧည့်သည် ၂၆ ဦးကို လက်နက်ကိုင် အဖွဲ့တစ်ခုက ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး အိန္ဒိယက ပါကစ္စတန်ရဲ့ ကက်ရှ်မီးယား ပိုင်နက်နဲ့ ပါကစ္စတန် နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး နှစ်ဖက် စစ်ရေးပဋိပက္ခ အစပြုခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယက အဲဒီ အကြမ်းဖက် လုပ်ရပ်ရဲ့ နောက်ကွယ်မှာ ပါကစ္စတန် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားပေမယ့် ပါကစ္စတန်ကတော့ အခိုင်အမာ ငြင်းဆန်ထားပါတယ်။

မေလ ၇ ရက်နေ့က စတင်ခဲ့တဲ့ ပဋိပက္ခအတွင်း နယ်စပ်တွေမှာ နှစ်ဖက်စလုံး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အခြေအနေတွေ တင်းမာလာခဲ့ပေမယ့် အမေရိကန် အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ၄ ရက်အကြာမှာ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...