မဂ္ဂနီကျု ၇.၅ အဆင့် အင်အားပြင်းထန်တဲ့ ကမ်းလွန်ငလျင်ကြီးတစ်ခု ဖိလစ်ပိုင်မှာ လှုပ်ခတ်သွားတဲ့နောက် ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်းက ဖိလစ်ပိုင် တောင်ပိုင်း၊ မင်ဒါနာအိုကျွန်းရဲ့ အရှေ့ပိုင်း ကမ်းလွန်ရေပြင်မှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အကျိုးဆက် အနေနဲ့ ဖိလစ်ပိုင်မှာသာ မကဘဲ ဒေသတွင်း နိုင်ငံတချို့မှာပါ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရပြီး ကမ်းရိုးတန်း ဒေသတွေမှာ နေထိုင်သူတွေကို ကုန်းမြင့်တွေဆီ အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပါတယ်။
အစောပိုင်းက ငလျင်ပြင်းအားကို မဂ္ဂနီကျု ၇.၆ လို့ ဖော်ပြခဲ့ပေမယ့် နောက်တော့ ဖိလစ်ပိုင် ငလျင်တိုင်းတာရေး အေဂျင်စီက ပြင်းအား ၇.၅ အဆင့်ကို ပြန်လည် လျှော့ချခဲ့ပါတယ်။ ငလျင်ဟာ အနက် ၂၀ ကီလိုမီတာလောက်ကို ဗဟိုပြုခဲ့တဲ့ အတွက်တော့ မြေပြင်ပေါ်မှာ ထိခိုက်ပျက်စီးမှု အတိုင်းအတာကို အထိုက်အလျောက် လျော့ကျစေခဲ့ပါတယ်။ ငလျင်ကြောင့် ဖိလစ်ပိုင်မှာ ထိခိုက်ပျက်စီးမှုတွေ၊ သေကြေမှုတွေ ရှိသလား ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။
အမေရိကန်ရဲ့ ဆူနာမီ သတိပေး စနစ်က ဖိလစ်ပိုင်အပြင် အင်ဒိုနီးရှားနဲ့ ပါလာအူတို့လို နိုင်ငံတချို့မှာ ဆူနာမီ အန္တရာယ် သတိပေးချက်ကို အသက်သွင်းခဲ့ပါတယ်။ လူ့အသက်တွေကို ခြိမ်းခြောက်နိုင်တဲ့ လှိုင်းလုံးတွေဟာ ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ၃၀၀ လောက် အကွာက ကမ်းခြေတွေထိ ရောက်ရှိနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

Public Service Announcement
ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ငလျင်ဗဟိုချက်နဲ့ နီးကပ်တဲ့ နေရာတွေမှာ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို ဆန်းစစ်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေကိုလည်း အသင့်ပြင်ထားဖို့ တပ်လှန့်ခဲ့ပါတယ်။ ငလျင်ဗဟိုချက်နဲ့ နီးစပ်တဲ့ နေရာတွေမှာ အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာကို လောလောဆယ် အဆက်အသွယ် လုပ်လို့ မရသေးပါဘူး။
မင်ဒါနာအိုကျွန်းရဲ့ ဒါဗာအို ဒီအိုရို ဒေသမှာ ငလျင်လှုပ်ပြီးတဲ့နောက် ကျောင်းတစ်ကျောင်းမှာ ကျောင်းသူကျောင်းသားတွေကို အဆောက်အအုံတွေထဲကနေ ရွှေ့ပြောင်းပေးထားတဲ့ ဓာတ်ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ သမ္မတ မားကို့စ်ကတော့ အကူအညီ လိုအပ်နေသူတွေဆီ အကူအညီတွေ ပေးပို့နိုင်ဖို့ အချိန်ပြည့် အားစိုက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင်မှာ စက်တင်ဘာ လကုန်ပိုင်းလောက်ကလည်း ဆီဘူကျွန်းနားကို ဗဟိုပြုတဲ့ ကမ်းလွန်ငလျင်ကြီးကြောင့် လူ ၇၃ ဦးလောက် သေဆုံးခဲ့ပါသေးတယ်။ ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး ငလျင်တွေ၊ မီးတောင်ပေါက်ကွဲမှုတွေနဲ့ သိပ်မစိမ်းလှတဲ့ နိုင်ငံပါ။ ဖိလစ်ပိုင်မှာ ပျမ်းမျှ တစ်နှစ်ကို ပြင်းအား ဒီဂရီ အမျိုးမျိုးနဲ့ ငလျင်ပေါင်း ၈၀၀ ဝန်းကျင် လှုပ်ခတ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
ကိုးကား: Reuters
















































