Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ တစ်ရက်တည်း အင်အားပြင်းငလျင် နှစ်ခု လှုပ်ခဲ့တဲ့နောက် ၈ ဦးသေဆုံး

ဖိလစ်ပိုင် နိုင်ငံမှာ တစ်နေ့တည်းနဲ့ အင်အားပြင်း ငလျင်ကြီးနှစ်ခု လှုပ်ခတ်ခဲ့မှုအပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Getty Images

ဖိလစ်ပိုင် နိုင်ငံမှာ တစ်နေ့တည်းနဲ့ အင်အားပြင်း ငလျင်ကြီးနှစ်ခု လှုပ်ခတ်ခဲ့မှုအပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက ဖိလစ်ပိုင်တောင်ပိုင်း၊ မန်ဒါနာအိုကျွန်းရဲ့ အရှေ့ဖက် ကမ်းလွန် ကီလိုမီတာ ၂၀ လောက် အကွာမှာ မဂ္ဂနီကျု ၇.၄ အဆင့် အင်အားပြင်း ငလျင်ကြီး လှုပ်ခဲ့တာကြောင့် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေပါ ထုတ်ပြန်ခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီ ကြေညာချက်တွေကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်နေခဲ့သလို တစ်ကြိမ်ကတော့ မဂ္ဂနီကျု ၆.၇ ထိ ပြင်းထန်ခဲ့တယ်လို့ ငလျင်တိုင်းတာရေး ပညာရှင်တွေက ပြောပါတယ်။ အဲဒီ ငလျင်ကြီး နှစ်ခုကြားမှာ အချိန် ၁၀ နာရီလောက်ပဲ ခြားခဲ့ပါတယ်။

ဖိလစ်ပိုင် အလယ်ပိုင်းက ဆီဘူဒေသနား၊ ကမ်းလွန်ပင်လယ်ပြင်မှာ လူ ၇၄ ဦးထက်မနည်း သေဆုံးစေခဲ့တဲ့ မဂ္ဂနီကျု ၆.၉ အဆင့် ငလျင်ကြီး လှုပ်ခတ်အပြီး ၁၁ ရက် အကြာမှာ အခုလို ငလျင်အပြင်းစားနှစ်ခု တစ်နေ့တည်း ထပ်လှုပ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၀ ရက်နေ့ ငလျင်တွေ အတွင်းမှာတော့ လက်ရှိ အချိန်ထိ သေဆုံးစာရင်း ၈ ဦး ရရှိထားပြီး နေအိမ် အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေလည်း ကြုံခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာတော့ ရွှေတူးရင်း မြေပြိုလို့ ပိမိခဲ့သူ ရွှေမိုင်းတွင်းလုပ်သား ၃ ဦးလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနေရာမှာ မြေစာခဲတွေ အောက်ကနေ မိုင်းတွင်းလုပ်သား နောက်တစ်ယောက်ကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့ပါတယ်။ ကံအားလျော်စွာပဲ မိုင်းတွင်းလုပ်သား အများအပြားဟာ ပထမငလျင် လှုပ်လို့ မြေတွေ ပြိုမကျခင် ထွက်ပြေး လွတ်မြောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ထပ် သေဆုံးသူတွေထဲမှာ နံရံပြိုလို့၊ သစ်ပင်ကျိုးကျလို့၊ အပျက်အစီးတွေ ပိမိလို့၊ နှလုံးရောဂါဖောက်လို့ဆိုတဲ့ အကြောင်းရင်းတွေနဲ့ အသက်ဆုံးရှုံးသူတွေ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မင်ဒါနာအိုကျွန်းမှာရှိတဲ့ ဒါဗာအိုမြို့ လေဆိပ်မှာတော့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ဆင်းသက်ပြီးပြီးချင်း ပထမငလျင်ကြီး လှုပ်တာနဲ့ တည့်တည့်တိုးခဲ့လို့ ခရီးသည်တွေ ဆင်းလို့မရဘဲ လေယာဉ်ထဲမှာပဲ ခါရမ်းမှုဒဏ်ကို ကြုံနေခဲ့ရပါတယ်။

ငလျင်ကြီးတွေ လှုပ်ခတ်ခဲ့တဲ့နောက် အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာ ဒေသခံ အများအပြားဟာ အိမ်တွေထဲ ပြန်မဝင်ရဲဘဲ လမ်းပေါ်မှာပဲ ဖြတ်သန်း အချိန်ကုန်ခဲ့ကြပါတယ်။

ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး ငလျင်တွေ၊ မီးတောင်ပေါက်ကွဲမှုတွေနဲ့ သိပ်မစိမ်းလှတဲ့ နိုင်ငံပါ။ ဖိလစ်ပိုင်မှာ ပျမ်းမျှ တစ်နှစ်ကို ပြင်းအား ဒီဂရီ အမျိုးမျိုးနဲ့ ငလျင်ပေါင်း ၈၀၀ ဝန်းကျင် လှုပ်ခတ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။