Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်မှာ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်ကို ဆယ်ယူဖို့ အမေရိကန် စတင်စီစဉ်

တောင်တရုတ်ပင်လယ် ရေပြင်မှာ နစ်မြုပ်နေတဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တို့ကို ဆယ်တင်ဖို့ အမေရိကန် ရေတပ်က စီစဉ်နေပါတယ်။

ဓာတ်ပုံ - US Navy

တောင်တရုတ်ပင်လယ် ရေပြင်မှာ နစ်မြုပ်နေတဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တို့ကို ဆယ်တင်ဖို့ အမေရိကန် ရေတပ်က စီစဉ်နေပါတယ်။

F/A-18 Super Hornet အမျိုးအစား တိုက်လေယာဉ်နဲ့ MH-60 ရဟတ်ယာဉ်တို့ဟာ USS Nimitz လေယာဉ်တင် သင်္ဘောကြီးမှာ အခြေစိုက်ခဲ့ပြီး အောက်တိုဘာ လကုန်ပိုင်းတုန်းက မိနစ် ၃၀ အတွင်း အသီးသီး ပျက်ကျခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်စဉ်တွေမှာ လူအသေအပျောက်တော့ မရှိခဲ့ပါဘူး။

ရေတပ်က လေယာဉ်နှစ်စီး မိနစ်ပိုင်းသာခြားပြီး ပျက်ကျခဲ့တဲ့ အကြောင်းရင်းကို တိတိကျကျ မထုတ်ပြန်ပါဘူး။ ဒါပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ မသန့်တဲ့ လောင်စာဆီ ပြဿနာကြောင့် ဒီကိစ္စတွေ ကြုံခဲ့တာ ဖြစ်နိုင်ကြောင်း သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ဖူးပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ ရေတပ်က တောင်တရုတ် ပင်လယ် ရေပြင်မှာ ပြန်လည်ဆယ်ယူရေး လုပ်ငန်းသုံး သင်္ဘောတစ်စီး ရောက်ရှိနေပြီ ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ သင်္ဘောရဲ့ လက်ရှိ တည်နေရာနဲ့ လေယာဉ်တွေ နစ်မြုပ်ခဲ့တဲ့ နေရာတွေကိုတော့ မထုတ်ပြန်ပါဘူး။

Public Service Announcement

Public Service Announcement

အမေရိကန် ရေတပ်ရဲ့ ဂျပန်အခြေစိုက် ရေတပ်မ အမှတ် ၇ အကြီးအကဲ မက်သရူး ကမ်မာက USNS Salvor ရေယာဉ်ဟာ ပြန်လည် ဆယ်ယူရေး လုပ်ငန်း ဆောင်ရွက်ဖို့ သတ်မှတ်ရေပြင်ဆီ ရောက်ရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။

ရေတပ်ရဲ့ အချက်အလက်တွေအရ အဲဒီ သင်္ဘောဟာ ပင်လယ်ကြမ်းပြင်မှာ နစ်မြုပ်နေတဲ့ တန်ချိန် ၃၀၀ လောက်ထိ လေးလံတဲ့ အရာဝတ္ထု ပစ္စည်းတွေကို ဆယ်ယူနိုင်ကြောင်း သိရပါတယ်။ FA/18 တိုက်လေယာဉ်ဟာ ၃၃ တန်လောက်ထိ လေးလံပြီး MH-60 ရဟတ်ယာဉ်ကတော့ ၁၁ တန်လောက်ထိ အလေးချိန်စီးပါတယ်။

အဲဒီလေယာဉ်တွေကို ပြန်လည် အသုံးပြုဖို့ မဖြစ်နိုင်တော့ပေမယ့် ပြိုင်ဘက် နိုင်ငံတွေလက်ထဲ ရောက်သွားရင် အရေးကြီးတဲ့ စစ်ရေးနည်းပညာနဲ့ ထောက်လှမ်းရေး အချက်အလက်တွေ ပေါက်ကြားသွားမှာ စိုးရိမ်လို့ အခုလို ဆယ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ပစိဖိတ် ရေတပ်မရဲ့ ထောက်လှမ်းရေးဌာန အကြီးအကဲဟောင်း ကားလ်ရှူစတာက တကယ်လို့ F/A-18ရဲ့ ကိုယ်ထည်နဲ့ စက်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံတွေ ပေါက်ကြားသွားရင် လေယာဉ်ရဲ့ အားနည်းချက်ကို ရှာဖွေ တိုက်ခိုက်ဖို့ရော၊ နည်းပညာပိုင်း ပုံတူကူးဖို့ပါ လမ်းပွင့်သွားစေလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

F/A-18တွေဟာ တရုတ်လက်ထဲကို ဘယ်တုန်းကမှ မရောက်ခဲ့ဖူးကြောင်း၊ တကယ်လို့ အဲဒီလေယာဉ်ကိုသာ တရုတ်က ဆယ်ယူရရှိသွားမယ်ဆိုရင် လေယာဉ်တင် သင်္ဘောအခြေစိုက် J-15Tတွေကို အဆင့်မြှင့်တင်ရာမှာ အများကြီး အထောက်အကူ ဖြစ်သွားစေနိုင်ကြောင်းလည်း သူက ပြောပါတယ်။ တရုတ်ရဲ့ J-15Tတွေဟာ အမေရိကန်ရဲ့ F/A-18တွေလောက်တော့ နည်းပညာပိုင်း အဆင့်မမြင့်ပါဘူး။ MH-60 ရဟတ်ယာဉ်မှာတော့ အမေရိကန်ရဲ့ ရေငုပ်သင်္ဘော ရှာဖွေထောက်လှမ်းမှုဆိုင်ရာ နည်းပညာတွေ ပါဝင်ပြီး အဲဒီအပိုင်းမှာလည်း တရုတ်ထက် အများကြီး ပိုမို အဆင့်မြင့်တယ်လို့ ရှူစတာက ဆိုပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင် တစ်ခုလုံးနီးပါးကို ပိုင်နက်အဖြစ် သတ်မှတ် ကြေညာထားတာကြောင့် ဒေသတွင်း နိုင်ငံ အများအပြားနဲ့ အငြင်းပွားမှုတွေ ရှိနေပါတယ်။

အမေရိကန်ဟာ ၂၀၂၂ တုန်းကလည်း ရေတပ်ရဲ့ နည်းပညာ အမြင့်ဆုံး F-35 တိုက်လေယာဉ်တစ်စီး ပျက်ကျတုန်းက အလားတူ ပြန်လည် ဆယ်ယူခဲ့ဖူးပါတယ်။ အဲဒီတုန်းက F-35ဟာ USS Carl Vinson လေယာဉ်တင် သင်္ဘောပေါ်ကိုအဆင်း တောင်တရုတ်ပင်လယ် ရေပြင်မှာ ပျက်ကျခဲ့သလို ဖြစ်စဉ်အတွင်း လူ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

F-35 တိုက်လေယာဉ် နည်းပညာကို အမေရိကန်က အထူးသိုသိပ် သိမ်းဆည်းထားတာကြောင့် တရုတ်လက်ထဲ လုံးဝ အရောက်မခံနိုင်တဲ့အတွက် ပေပေါင်း ၁၂၄၀၀ မှာ နစ်မြုပ်နေတဲ့ လေယာဉ်ပျက်ကို မရရအောင် ပြန်လည် ဆယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။