ယူကရိန်း ငြိမ်းချမ်းရေးကိစ္စ အမေရိကန် ဦးဆောင်ပြီး ကြားဝင် ဆွေးနွေးနေမှုတွေမှာ အရမ်း ထင်ရှားမြင်သာတဲ့ တိုးတက်မှုတွေ ရနေပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းကြားက ၄ နှစ်နီးပါး ကြာမြင့်လာတဲ့ စစ်ပွဲကို ရပ်တန့်စေဖို့အတွက် အမေရိကန်က တင်ပြထားတဲ့ အဆိုမူကြမ်းအတွက် ဆွေးနွေးမှုတွေမှာ အများကြီး အခြေအနေ ကောင်းမွန်နေတယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ အပြီးသတ် လက်စသိမ်းဖို့ အတွက်တော့ အဆင့်တချို့ ကျန်နေသေးတယ်လို့ ရူဘီရိုက ဆိုပါတယ်။
သူဟာ ယူကရိန်း၊ ဥရောပနိုင်ငံတွေရဲ့ စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့တွေနဲ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ နိုဝင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံခဲ့တဲ့နောက် အခုလို ပြောကြားခဲ့ပါတယ်။
အစောပိုင်းတုန်းက ထရမ့်ရဲ့ စစ်ရပ်စဲရေး အဆို ၂၈ ချက်နဲ့ ပတ်သက်လို့ ယူကရိန်းဟာ အတော်ကြီး ဘေးကျပ်နံကျပ် ဖြစ်နေရတယ်လို့ ဖွင့်ဟထားတဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်းရဲ့ လိုလားချက်တွေကိုလည်း နားစွင့်ခဲ့တဲ့ အရိပ်အယောင်တွေ မြင်ခဲ့ရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။

Public Service Announcement
ယူကရိန်းနဲ့ ဥရောပ မဟာမိတ် နိုင်ငံတွေက ထရမ့်ရဲ့ စစ်ရပ်စဲရေး အဆိုပြုချက်တွေ ပေါက်ကြားခဲ့တဲ့ ကိစ္စကို စိုးရိမ်ကြောင်းလည်း ဆွေးနွေးပွဲမှာ ထည့်သွင်း အသိပေးခဲ့ပါတယ်။ ဒီအခြေအနေတွေမှာ ရုရှားကို အသာစီး ရစေတဲ့ သဘောမျိုးတွေ ဖြစ်လာနိုင်ပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကလည်း အဲဒီ အဆိုပြုချက်တွေကို အခြေခံအားဖြင့် ကြိုဆို လက်ခံပေးနိုင်တယ်လို့ ထုတ်ပြောထားပါတယ်။
ရူဘီရိုကတော့ ဂျနီဗာကို ရောက်ခဲ့တဲ့ အမေရိကန်ရဲ့ ညှိနှိုင်းရေး အဖွဲ့အတွက် အရမ်းစိတ်ကျေနပ်စရာ နေ့တစ်နေ့ကို ဖြတ်သန်းခွင့် ရခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ အမေရိကန် အဓိကထား ချဉ်းကပ်ခဲ့တာကတော့ ထရမ့်ရဲ့ အဆိုပြုချက် ၂၈ ခုထဲက ပြောင်းလွယ်ပြင်လွယ် ဖြစ်နိုင်တဲ့ အချက်တွေကို နှစ်ဖက် အမြင်ကွဲပြားမှု အကျဉ်းမြောင်းဆုံးထိ လျှော့ချနိုင်စေဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ နောက်ဆုံးအဆင့် သဘောတူညီမှုတွေ အတွက်တော့ ယူကရိန်းနဲ့ အမေရိကန် သမ္မတတွေ ဆက်ပြီး ညှိနှိုင်းရဦးမှာ ဖြစ်ကြောင်း၊ အဲဒီနောက်မှသာ ရုရှားဆီကို အကြောင်းပြန်မှာဖြစ်ကြောင်း ရူဘီရိုက ရှင်းပြခဲ့ပါတယ်။ ညပိုင်းမှာတော့ ရုရှားနဲ့ ယူကရိန်းတို့က ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ မူလ သတ်မှတ်ချက်တွေကို အသစ်ပြန်ပြင်ထားတဲ့ အဆိုတစ်ရပ်ကို ညှိနှိုင်း အဆင်ပြေထားပြီး ဖြစ်ကြောင်း၊ ရုရှားဆီ ပို့မယ် နောက်ဆုံး အပြီးသတ် ကမ်းလှမ်းချက်တွေကို မကြာခင် ရက်ပိုင်းအတွင်း ပြီးစီးအောင် ဆက်လက် ကြိုးစားနေကြောင်း ပါရှိခဲ့ပါတယ်။
ဘယ်အချက်တွေကို ပြန်ပြင်ဖို့ အမေရိကန်နဲ့ ယူကရိန်းတို့ ညှိနေသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ထရမ့်ရဲ့ ကနဦး အဆိုပြုချက် ၂၈ ခုထဲမှာတော့ ယူကရိန်းက ကျယ်ပြန့်တဲ့ နယ်မြေတွေကို လက်လွှတ် ဆုံးရှုံးခံဖို့၊ NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ခွင့်ကို လက်လျှော့ဖို့၊ စစ်အင်အားကို ၆၀၀၀၀၀ ထက် မပိုဘဲ ကန့်သတ်ထားရှိဖို့ စတာတွေ ပါဝင်ခဲ့ပါတယ်။
ကိုးကား: BBC
















































