Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်နားက ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့တဲ့ အမေရိကန် စစ်မှုထမ်း မိန်းကလေး သေဆုံး

အိမ်ဖြူတော်နားမှာ ပစ်ခတ်ခံခဲ့ရတဲ့ အမေရိကန် စစ်မှုထမ်း နှစ်ဦးထဲက အသက် ၂၀ အရွယ် အမျိုးသမီးငယ် တစ်ဦးဟာ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အိမ်ဖြူတော်နားမှာ ပစ်ခတ်ခံခဲ့ရတဲ့ အမေရိကန် စစ်မှုထမ်း နှစ်ဦးထဲက အသက် ၂၀ အရွယ် အမျိုးသမီးငယ် တစ်ဦးဟာ ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့တုန်းက အိမ်ဖြူတော်နဲ့ သိပ်မဝေးတဲ့ ဝါရှင်တန်ဒီစီမြို့လယ် လမ်းဆုံတစ်နေရာမှာ အာဖဂန် နစ္စတန် နိုင်ငံသား ရွှေ့ပြောင်း အခြေချသူ တစ်ဦးဟာ လုံခြုံရေး စောင့်ကြည့်နေတဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင် နှစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပါတယ်။ အမျိုးသား အစောင့်တပ်ဟာ အမေရိကန်ရဲ့ အရန်တပ် ဖြစ်ပါတယ်။

သေနတ်သမားဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ရာမန်ညူလာ လာကန်ဝယ်လ်ကိုတော့ တခြား အမေရိကန် စစ်သားတစ်ဦးက ပစ်ခတ်ပြီး အရှင်ဖမ်းမိခဲ့ပါတယ်။ သူ့ကို လုံခြုံရေး အရာရှိတွေက စုံစမ်းမေးမြန်းနေဆဲဖြစ်ပြီး ပစ်ခတ်မှု ကျူးလွန်တဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။

နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဒဏ်ရာရခဲ့သူ စစ်မှုထမ်းတွေထဲက ဆာရာဘက်ခ်စထရွမ်း ကွယ်လွန်သွားတဲ့အကြောင်း ကြေညာခဲ့ပါတယ်။ နောက်ထပ် တပ်ဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အန်ဒရူး ဝုလ်ဖ်ကတော့ အသက်လု ကုသမှုတွေ ခံယူနေရဆဲလို့ ထရမ့်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ငယ်ရွယ်ပြီး ပျော်ရွှင်တက်ကြွနေတဲ့ အရွယ်မှာပဲ အနောက်ဗာဂျီးနီးယား ဒေသခံ အမျိုးသား အစောင့်တပ် တပ်ဖွဲ့ဝင် ဆာရာ ဘက်ခ်စထရွမ်းဟာ ကွယ်လွန်သွားခဲ့ရှာကြောင်း၊ လေးစားချစ်ခင်ရတဲ့ အမျိုးသမီးငယ်လေးဟာ အားလုံးနဲ့အတူ ဆက်ပြီး မရှိရှာတော့ကြောင်း ထရမ့်က ကြေညာခဲ့ပါတယ်။

ထရမ့်ဟာ ဘက်ခ်စထရွမ်းရဲ့ မိဘတွေဆီကိုလည်း ဆက်သွယ်ပြီး နှစ်သိမ့်စကား ပြောခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဘက်ခ်စထရွမ်းဟာ ကျေးဇူးတော်နေ့ ကာလအတွင်း ဝါရှင်တန်ဒီစီရဲ့ လုံခြုံရေးအတွက် ကူညီ စောင့်ကြပ်ပေးဖို့ ဆန္ဒအလျောက် ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။ ထရမ့်က အမေရိကန်ရဲ့ မြို့တော်မှာ ဒုစရိုက်မှုတွေ ထိန်းမနိုင်သိမ်းမရ ကြီးထွားနေတယ်လို့ စွပ်စွဲပြီး ဩဂုတ်လစကလို့ အမျိုးသား အစောင့်တပ် အင်အား ၂၀၀၀ လောက်ကို လုံခြုံရေး ဖြန့်ကျက်ထားစေခဲ့တာ ဖြစ်ပါတယ်။

ကနဦး စစ်ဆေးချက်တွေအရ ပစ်ခတ်မှုရဲ့ သံသယ တရားခံ လာကန်ဝယ်လ်ဟာ အာဖဂန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာချိန်မှာ ကူညီပေးခဲ့တဲ့ Operation Allies Welcomeဆိုတဲ့ အစီအစဉ် တစ်ခုအရ အမေရိကန်ကို လာရောက်ခွင့် ရခဲ့တာလို့ သိရပါတယ်။ သူဟာ ၂၀၂၁ တုန်းက ကဘူးလ်မြို့တော် လေဆိပ်ကနေ အမေရိကန် တပ်ဖွဲ့ဝင်တွေ ပြန်လည် ရုပ်သိမ်း ထွက်ခွာချိန်မှာ ကူညီ စောင့်ကြပ်ပေးခဲ့ပါတယ်။

လာကန်ဝယ်လ်ဟာ အမေရိကန်ရဲ့ ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)က စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာ အာဖဂန် ထောက်လှမ်းရေး ယူနစ်လက်အောက် ရောက်သွားတဲ့ ကန်ဒါဟာ တိုက်ခိုက်ရေး တပ်ဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးလို့လည်း သိရပါတယ်။

သူ့ရဲ့ ယူနစ်ဟာ တာလီဘန်တွေ ၂၀၂၁ ခုနှစ်၊ အမေရိကန်တပ်တွေ ရုပ်သိမ်းတဲ့အချိန် တာလီဘန်တွေ ကဘူးလ်မြို့ထဲ ဝင်မလာခင် ၅ ရက် အလိုကတည်းက ကန်ဒါဟာကနေ ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီနောက် ၆ ရက်ကြာတဲ့ထိ လေဆိပ်ကို စောင့်ရှောက်ပေးခဲ့ပြီး နောက်ဆုံးမှာတော့ လာကန်ဝယ်လ်နဲ့ တခြားအဖွဲ့သားတွေပါ အမေရိကန်ကို လိုက်ပါလာခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်။

လာကန်ဝယ်လ်ဟာ ၂၀၂၄ ခုနှစ်မှာ ဒုက္ခသည် ခံယူခွင့် လျှောက်ထားခဲ့ပြီး အခုနှစ်ဆန်းပိုင်းမှာ ခွင့်ပြုမိန့် ကျထားခဲ့ပါတယ်။ သူကျူးလွန်ခဲ့တဲ့ ပစ်ခတ်မှု အပြီးမှာတော့ အမေရိကန်ဟာ အာဖဂန် နိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားလိုက်ကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗင်နီဇွဲလား စက်လှေတစ်စီးကို တိုက်ခိုက်ပြီး အသက်ရှင်နေသူတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးက အပြတ်ရှင်းခိုင်းခဲ့ကြောင်း သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအပြီး အမေရိကန် အစိုးရဟာ အာဖဂန် နစ္စတန် နိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားစေလိုက်ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီး အမေရိကန် လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

မဲရုံသင်တန်းပေးနေတဲ့ မုံရွာမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။