ထိုင်ဝမ်ဟာ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော တစ်စီးကို ပထမဆုံးအကြိမ် ပင်လယ်ပြင် လက်တွေ့ စမ်းသပ်မှု အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။
ဒါဟာ တရုတ်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုကို အချိန်ပြည့် ကြုံတွေ့နေတဲ့ ကျွန်းနိုင်ငံငယ်လေးရဲ့ ကာကွယ်ရေး နည်းပညာ ကဏ္ဍမှာ ကြီးမားတဲ့ အောင်မြင်မှု မှတ်တိုင် တစ်ခုလည်း ဖြစ်လာပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်ရေးအရ တိုက်ခိုက် သိမ်းယူမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင် အုပ်ချုပ်မှုနဲ့ သီးခြားရပ်တည်ဖို့ကိုသာ ပိုမို လိုလားနေပါတယ်။
ထိုင်ဝမ် အစိုးရ အနေနဲ့ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ဘက်ပေါင်းစုံက ကြိုးစားနေရာမှာ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောတွေ တည်ဆောက်နိုင်ရေးက အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်နေပါတယ်။ အထူးသဖြင့် တရုတ်ရေတပ်က ထိုင်ဝမ်ကျွန်းကို မကြာခဏ ဝန်းရံပိတ်ဆို့ပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတဲ့အတွက် တကယ်တမ်း စစ်ဖြစ်လာရင် နိုင်ငံရဲ့ ရေလမ်းကြောင်းတွေကို ကာကွယ်ဖို့ အဲဒီလို တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေကို အထူးတလည် လိုအပ်နေတဲ့ သဘောပါ။

Public Service Announcement
ထိုင်ဝမ်ဟာ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောတွေ ထုတ်လုပ်နိုင်ရေးအတွက် ဗြိတိန်နဲ့ အမေရိကန် အပါအဝင် နိုင်ငံတချို့ဆီက ကျွမ်းကျင်သူတွေကို ငှားရမ်းပြီး နည်းပညာတွေလည်း ဝယ်ယူခဲ့ပါတယ်။ ဒီအခြေအနေကလည်း တရုတ်ရဲ့ ဖိအားပေးမှုတွေကြောင့် သံတမန်ရေးအရ အထီးကျန်နေတဲ့ ထိုင်ဝမ်အတွက် အားတက်စရာ အရွေ့မျိုး ဖြစ်ခဲ့ပါတယ်။
ထိုင်ဝမ်ရေတပ်ရဲ့ အဆိုအရ Narwhalလို့ နာမည်ပေးထားတဲ့ ပထမဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောကို ရေတိမ်ပိုင်း လက်တွေ့ ငုပ်လျှိုးပြီး ခုတ်မောင်းခဲ့တဲ့ စမ်းသပ်ချက်တွေ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာတော့ Narwhalဟာ ထိုင်ဝမ်တောင်ပိုင်း၊ ခေါင်ဆွန်ဆိပ်ကမ်းရဲ့ ကမ်းလွန်ရေပြင်မှာ ခုတ်မောင်းခဲ့တာလို့လည်း ပါရှိပါတယ်။ ထိုင်ဝမ် ရေတပ်ဟာ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော ၈ စီးထိ တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။
Narwhalကို ၂၀၂၄ ခုနှစ် ကတည်းက ထိုင်ဝမ်ရေတပ်မှာ တပ်တော်ဝင်စေဖို့ ရည်မှန်းထားခဲ့ပေမယ့်လည်း အခြေအနေ တချို့ကြောင့် နှောင့်နှေးမှုတွေ ကြုံတွေ့ခဲ့ပါတယ်။ လက်ရှိ ထိုင်ဝမ်ရေတပ်မှာတော့ ၁၉၈၀ ပြည့်လွန် နှစ်တွေကတည်းက နယ်သာလန်ဆီကနေ ဝယ်ယူထားခဲ့တဲ့ ရေငုပ်သင်္ဘောဟောင်း နှစ်စီးကိုသာ ပိုင်ဆိုင်ထားပါတယ်။
တန်ဖိုးအားဖြင့် ဒေါ်လာ ၁.၅၈ ဘီလီယံလောက် ကျသင့်တဲ့ Narwhalမှာ အမေရိကန် ကုမ္ပဏီ Lockheed Martinရဲ့ တိုက်ခိုက်ရေး စနစ်ကို တပ်ဆင်ထားပြီး အမေရိကန်လုပ် Mark 48 အကြီးစား တော်ပီဒိုတွေ တပ်ဆင်ထားမှာပါ။ လာမယ့်နှစ်ထိ ကာလအတွင်း အဲဒီလို ရေငုပ်သင်္ဘော နှစ်စီးလောက်ထိ ပိုင်ဆိုင်ထားနိုင်ဖို့ ထိုင်ဝမ်က ကြိုးစားနေပြီး နောက်ပိုင်း ဆက်လက် တည်ဆောက်မယ့် ရေယာဉ် အသစ်တွေမှာတော့ မြေပြင်ကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေပါ တပ်ဆင်နိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။
ထိုင်ဝမ်ဟာ အင်အား ပိုကြီးတဲ့ ရန်သူကို ရင်ဆိုင်ရမယ့် ခုခံစစ်ပွဲအတွက် ပေါ့ပါးပြီး မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းနိုင်တဲ့ စစ်ရေးနည်းပညာတွေကို အရှိန်အဟုန်နဲ့ တိုးချဲ့ မြှင့်တင်နေပြီး ရေငုပ်သင်္ဘောတွေ၊ ဒရုန်းတွေနဲ့ ထရပ်ကားတွေပေါ် တပ်ဆင်ထားတဲ့ ဒုံးကျည်စနစ်တွေအပေါ် ပိုမို အာရုံစိုက်နေပါတယ်။
ကိုးကား: Reuters


















































