လက်ရှိ ဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ရေး ပဋိပက္ခကြောင့် စွမ်းအင် အကျပ်အတည်းဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန်တဲ့ ပထမဆုံး ကမ္ဘာ့နိုင်ငံအဖြစ် ဖိလစ်ပိုင်က ထွက်ပေါ်လာပါတယ်။
ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာဟာ စွမ်းအင်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာမှု အထူးအမိန့်ကို မတ်လ ၂၄ ရက်နေ့မှာ လက်မှတ်ရေးထိုး ကြေညာခဲ့ပါတယ်။ သူက အစိုးရ အနေနဲ့ လောင်စာဆီ ဖြန့်ဖြူးနိုင်စွမ်း တည်ငြိမ်ရေးနဲ့ ဆက်လက် တည်တံ့ရေး၊ စွမ်းအင် ဖူလုံရေး ကိစ္စတွေကို ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တဲ့အတိုင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ပေါင်းပြီး အီရန်ကို တိုက်ခိုက်နေတဲ့ စစ်ပွဲကြောင့် ကမ္ဘာ့ရေနံ တင်ပို့မှုမှာ အရေးအပါဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားက ပိတ်နေပါတယ်။ အကျိုးဆက် အနေနဲ့ ပင်လယ်ကွေ့ဒေသတွင်း နိုင်ငံတွေဆီ ရေနံတွေဟာ နိုင်ငံတကာ စျေးကွက်ထဲ ရောက်ရှိလာမှု လျော့ကျသွားပါတယ်။ ဖိလစ်ပိုင်ဟာ ပြည်ပကနေ တင်သွင်းတဲ့ ရေနံနဲ့ လောင်စာ ၉၈ ရာခိုင်နှုန်းကို ပင်လယ်ကွေ့ နိုင်ငံတွေဆီကနေ ဝယ်ယူနေတာ ဖြစ်ပါတယ်။
သမ္မတ မားကို့စ်က စွမ်းအင်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာချက်ဟာ လက်ရှိ အကျပ်အတည်းနဲ့ ပတ်သက်လို့ အစိုးရရဲ့ တုံ့ပြန် ကိုင်တွယ်ပိုင်ခွင့်တွေကို ပိုပြီး လွတ်လပ် ထိရောက်လာစေမယ်လို့ ပြောပါတယ်။ စွမ်းအင်ပြတ်တောက်သွားမှုဟာ နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍတစ်ခုလုံးအပေါ် အကြီးအကျယ် ထိခိုက်လာနိုင်ပြီး ဒီအခြေအနေကို တားဆီးဖို့လိုကြောင်းလည်း မားကို့စ်က ဆိုပါတယ်။

Public Service Announcement
အရေးပေါ် အခြေအနေ အမိန့်အရ အထူးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းမှာဖြစ်ပြီး လောင်စာဆီ၊ ရိက္ခာ၊ ဆေးဝါးနဲ့ တခြား အရေးကြီးတဲ့ လူသုံးကုန်တွေ ဖြန့်ဖြူးပေးမှုတွေကို ကြပ်မတ်သွားမှာ ဖြစ်ပါတယ်။ အစိုးရဟာ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေထဲကနေ ရေနံနဲ့ လောင်စာ စည်ပေါင်း တစ်သန်းလောက်ကို ဝယ်ယူသွားမှာ ဖြစ်သလို လောင်စာဆီ ဝယ်ယူနိုင်ရေး သေချာစေမယ့် အကြိုသဘောတူ စာချုပ်တွေကို လုပ်ထုံးလုပ်နည်း စရံပမာဏထက် ပိုပေးပြီး ချုပ်ဆိုမယ်လို့ သိရပါတယ်။
ပြီးတော့ လောင်စာဆီ အခြေပြု စွမ်းအင် ထုတ်လုပ်မှုကို လျှော့ချဖို့အတွက်လည်း ဧပြီ ၁ ရက်နေ့ကစပြီး ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံတွေကို ပိုမိုလည်ပတ်စေမှာ ဖြစ်ပါတယ်။
သမ္မတရဲ့ အမိန့်အရ အာဏာပိုင်တွေဟာ လောင်စာဆီ အများအပြား သိုလှောင်သူတွေ၊ အမြတ်တင် ရောင်းချသူတွေ၊ စျေးကစားသူတွေကို အရေးယူပိုင်ခွင့် ရှိလာမှာပါ။
စည်းမျဉ်းတွေအရ အခုလို အရေးပေါ် အခြေအနေ ကြေညာမှုမျိုးဟာ သမ္မတက မပယ်ဖျက်ဘူး၊ ဒါမှမဟုတ် သက်တမ်း မတိုးဘူးဆိုရင် ၁ နှစ်ထိ တည်တံ့နိုင်ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်မှာတော့ ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေပါ ရှိနေပါတယ်။ လွှတ်တော်အမတ် တချို့က နိုင်ငံရဲ့ စွမ်းအင် အကျပ်အတည်း ဆိုးရွားနေချိန်မှာ ဒီကိစ္စဟာ မှန်ကန်တဲ့ ချဉ်းကပ်မှုလို့ ထောက်ခံခဲ့ပေမယ့် နိုင်ငံရဲ့ အဓိက လုပ်သား သမဂ္ဂ မဟာမိတ် အင်အားစု တစ်ခုကတော့ အရေးပေါ် အခြေအနေ ကြေညာခြင်းဟာ အစိုးရက လောင်စာဆီ အကျပ်အတည်းကို မကိုင်တွယ်နိုင်တဲ့ ညံ့ဖျင်းမှု တစ်ခုအဖြစ် မြင်သာစေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
လောလောဆယ်မှာတော့ ဖိလစ်ပိုင် အစိုးရဟာ ၅ နှစ်လောက်အတွင်း ပထမဆုံး အကြိမ်အဖြစ် ရုရှားရေနံကို ပြန်လည်တင်သွင်း ဝယ်ယူနိုင်ရေး အတွက်လည်း ကြိုးစားနေကြောင်း သိရပါတယ်။
ကိုးကား: BBC


















































