တူရကီ နိုင်ငံမှာ ကျောင်းတစ်ကျောင်းကို ကျောင်းသားဟောင်းတစ်ဦးက ဝင်ရောက် ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်အတွင်း လူ ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် လူငယ်ဟာ ပြောင်းတို သေနတ် တစ်လက်ကို ကိုင်ဆောင်ပြီး ဧပြီ ၁၄ ရက်နေ့တုန်းက ဆန်လျူရာဖာ ပြည်နယ်ထဲက ဆီဗာရက် မြို့မှာရှိတဲ့ အသက်မွေးပညာကျောင်းထဲ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ တွေ့သမျှလူတွေကို ပစ်ခတ်ခဲ့ပြီးတဲ့နောက် ရဲတွေ ရောက်လာချိန်၊ အဆောက်အအုံထဲမှာ ပိတ်မိနေရင်းက ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။
ကျောင်းရဲ့ လုံခြုံရေးကင်မရာ မှတ်တမ်း ဗီဒီယိုတွေမှာတော့ အဖြူရောင် အင်္ကျီနဲ့ ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ လူငယ်ဟာ စင်္ကြံတလျှောက် အေးအေးဆေးဆေး လမ်းလျှောက်ရင်း တွေ့သမျှလူတွေကို သေနတ်နဲ့ ပစ်ခတ်နေခဲ့တာကို တွေ့ရပါတယ်။

Public Service Announcement
ရဲတွေက သေနတ်သမားကို အဆောက်အအုံထဲမှာ ချောင်ပိတ်ထားခဲ့တဲ့နောက် သူက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဟာဆန် ဆီလ်ဒက်ခ်က ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူတွေက ကျောင်းသူကျောင်းသား ၁၀ ဦး၊ သင်ကြားရေး ဝန်ထမ်း ၄ ဦး၊ မုန့်စျေးတန်း ဝန်ထမ်း ၁ ဦးနဲ့ ရဲ ၁ ဦးတို့ ဖြစ်ပါတယ်။ အများစုက ဒဏ်ရာ အနည်းအကျဉ်းသာ ရခဲ့ပြီး ၅ ဦးကိုတော့ ဒဏ်ရာပြင်းလို့ ဆေးရုံတင်ခဲ့ရကြောင်း သိရပါတယ်။
အခုတိုက်ခိုက်မှုကို ဘာကြောင့် ကျူးလွန်ခဲ့သလဲ ဆိုတာကိုတော့ စုံစမ်းနေဆဲပါ။ အဲဒီ ကျောင်းသားဟာ ရက်အနည်းငယ်အတွင်း ကျောင်းမှာ တိုက်ခိုက်မှု တစ်ခုခု ကြုံလာမယ်ဆိုပြီး ကျောင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ကြိုတင် သတိပေးထားဖူးကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
သေနတ်သမားဟာ ပြစ်မှုမှတ်တမ်းဟောင်း မရှိသလို ကျောင်းရဲ့ အခြေအနေကလည်း ပုံမှန်အားဖြင့် လုံခြုံဘေးကင်းတယ်လို့ ယူဆထားကြောင်း ရဲတွေက ပြောပါတယ်။ တူရကီမှာတော့ စာသင်ကျောင်းတွေထဲ ဝင်ရောက် ပစ်ခတ်တဲ့ ကိစ္စမျိုးဟာ အရမ်းဖြစ်တောင့်ဖြစ်ခဲလို့ သတ်မှတ်နိုင်ပါတယ်။
မျက်မြင်တွေရဲ့ အဆိုအရ အဲဒီလူငယ်ဟာ စာသင်ခန်း အနည်းဆုံး နှစ်ခန်းလောက်ထဲ ဝင်ရောက် ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ သူက စတင် ပစ်ခတ်ချိန်မှာ ကျောင်းသူကျောင်းသားတွေ၊ ဆရာမတွေက ထိတ်လန့်တကြား အော်ဟစ် ပြေးလွှားရင်း ဝရုန်းသုန်းကားတွေ ဖြစ်ကုန်တယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
ဆီဗာရက်ဟာ ဆီးရီးယား နယ်စပ်နဲ့ မိုင်ပေါင်း ၇၀ လောက် အကွာမှာ တည်ရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
ကိုးကား: Sky




















































