Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီသီယိုးပီးယား ပြည်တွင်းစစ် ရပ်တန့်ရေး သဘောတူ လက်မှတ်ရေးထိုး

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ဒီသဘောတူညီမှုဟာ ကြိုဆိုရမယ့် ခြေလှမ်းသစ်ဖြစ်ပြီး ပဋိပက္ခတွေကြောင့် အကြီးအကျယ် ဒုက္ခခံစားခဲ့ရတဲ့ သန်းနဲ့ချီတဲ့ အီသီယိုးပီးယား ပြည်သူတွေဆီ အကူအညီတွေ အမြန်ဆုံး ပေးပို့နိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အီသီယိုးပီးယား ပြည်တွင်းစစ် ရပ်တန့်ရေး သဘောတူ လက်မှတ်ရေးထိုး
အီသီယိုးပီးယား ပြည်တွင်းစစ် ရပ်တန့်ရေး သဘောတူ လက်မှတ်ရေးထိုး

အီသီယိုးပီးယား ပြည်တွင်းစစ်မှာ တိုက်ခိုက်နေတဲ့ နှစ်ဖက် အဖွဲ့အစည်းတွေက စစ်ပွဲကို ရပ်နားဖို့ ရုတ်တရက် သဘောတူညီမှု ရရှိသွားကြပါတယ်။

အီသီယိုးပီးယား အစိုးရနဲ့ တီဂရေးပြည်နယ်က တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)တို့ကြား အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှု ရသွားတာနဲ့ ပတ်သက်လို့ အာဖရိကအရေး လေ့လာ စောင့်ကြည့်သူတွေကိုယ်တိုင် အံ့ဩခဲ့ကြပါတယ်။

အာဖရိက သမဂ္ဂကတော့ အခုသဘောတူညီမှုကို အရုဏ်သစ် တစ်ခု လင်းလက်လာခြင်းလို့ ညွှန်းဆိုပါတယ်။ နှစ်ဖက် ကိုယ်စားလှယ်တွေက အပစ်အခတ် ရပ်စဲဖို့နဲ့ တီဂရေး ဒေသကို ထောက်ပံ့ရေး လမ်းကြောင်းတွေ ပြန်လည် ဖွင့်လှစ်ပေးဖို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

အီသီယိုးပီးယား မြောက်ပိုင်းက တီဂရေး ပြည်နယ်မှာ နေထိုင်သူ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထုတ်ပြန်ထားပါတယ်။ နောက်ပြီး ပြည်နယ်မှာရှိတဲ့ ကလေးစုစုပေါင်းရဲ့ သုံးပုံတစ်ပုံလောက်ဟာ အာဟာရ ချို့တဲ့နေပါတယ်။

Public Service Announcement

Public Service Announcement

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားတာကို ကြိုဆိုပေမယ့် သတိကြီးကြီးနဲ့ စောင့်ကြည့်ဖို့ လိုသေးတယ်လို့ လေ့လာသူတွေက သတိပေးပါတယ်။ အရင်ကလည်း အပစ်အခတ် ရပ်စဲဖူးပေမယ့် လပိုင်းအကြာ ဩဂုတ်လမှာ ပျက်ပြယ်သွားခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ် ညှိနှိုင်းမှုမှာတော့ TPLFက စစ်လက်နက်တွေ အပ်နှံဖို့နဲ့ အရေးကြီးတဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ ပြန်ဖွင့်လှစ်ဖို့ အစရှိတဲ့ အချက်တွေကိုပါ သဘောတူခဲ့တယ်လို့ အီသီယိုးပီးယား အစိုးရက ကြေညာပါတယ်။

အီသီယိုးပီးယားမှာ တရားဝင် လက်နက်ကိုင် စစ်တပ် တစ်ခုတည်းသာ ရှိတော့မှာဖြစ်ပြီး TPLFက လက်နက်ချမှာဖြစ်ကြောင်း၊ ဆက်ပြီး စစ်မှုထမ်းဖို့ ဆန္ဒရှိတဲ့ အဖွဲ့ဝင်တွေကိုတော့ ဗဟိုအစိုးရရဲ့ ဖက်ဒရယ် စစ်တပ်ထဲ ဝင်ခွင့်ပြုမှာဖြစ်ကြောင်း နှစ်ဖက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီအာမက်က အခုသဘောတူညီမှုကို အထူးတလည် ချီးကျူး ကြိုဆိုလိုက်ပြီး မမှိတ်မသုန် လိုက်နာ ကျင့်သုံးသွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။ တစ်ပတ်လောက် ကြာမြင့်ခဲ့တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ အထမြောက်ဖို့ နိုက်ဂျီးရီးယား သမ္မတဟောင်း အိုလူဆီဂွန် အိုဘာဆန်ဂျိုက အဓိက ကြားဝင် စေ့စပ်ပေးခဲ့ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ဒီသဘောတူညီမှုဟာ ကြိုဆိုရမယ့် ခြေလှမ်းသစ်ဖြစ်ပြီး ပဋိပက္ခတွေကြောင့် အကြီးအကျယ် ဒုက္ခခံစားခဲ့ရတဲ့ သန်းနဲ့ချီတဲ့ အီသီယိုးပီးယား ပြည်သူတွေဆီ အကူအညီတွေ အမြန်ဆုံး ပေးပို့နိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အီသီယိုးပီးယား ပြည်တွင်းစစ်ဟာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်မှာ စတင်ခဲ့ပါတယ်။ TPLF တပ်ဖွဲ့တွေက တီဂရေးမှာရှိတဲ့ အစိုးရ စစ်တပ် စခန်းတစ်ခုကို စီးနင်းခဲ့တဲ့နောက် အီသီးယိုးပီးယား အစိုးရက စစ်အင်အားသုံးပြီး တီဂရေး ပြည်နယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ TPLFက တွန်းလှန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တီဂရေးကို အစိုးရတပ်တွေက ဝန်းရံ ပိတ်ဆို့ထားပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေခဲ့တာပါ။

TPLFဟာ အီသီယိုးပီးယား နိုင်ငံရေး ကဏ္ဍကို ဆယ်စုနှစ် ၂ ခုကြာလောက် ချုပ်ကိုင်ထားတဲ့ အင်အားစုဖြစ်ပြီး ၂၀၁၈ မှာ အဘီအာဏာရလာတော့ TPLFရဲ့ ကြီးစိုးမှုတွေ အဆုံးသတ်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နှစ်ဖက် တင်းမာမှုတွေ ရှိနေခဲ့ပြီး ၂ နှစ်အကြာမှာ ပြည်တွင်းစစ်မီးပါ တောက်လောင်တဲ့ထိ အခြေအနေတွေ ဆိုးရွားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီသီယိုးပီးယား နိုင်ငံမှာ ထရပ်ကားတစ်စီး လမ်းချော်ပြီး မြစ်ထဲ ထိုးကျရာက လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

တရုတ်၏ ဖိအားပေးမှုသည် MNDAAနှင့် TNLAကို ဦးတည်လာသည်ဟု မြင်ကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

သတင်း

အာဆီယံခေါင်းဆောင်များရဲ့ ထိပ်သီးညီလာခံမတိုင်ခင်မှာ မြန်မာ့ပြည်တွင်းစစ်နဲ့ပတ်သက်လို့ သံတမန်တွေ ဂျာကာတာမြို့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ အင်ဒိုနီးရှားရှိ အကြီးတန်းသံတမန်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

သတင်း

တရုတ်နိုင်ငံသည် မြန်မာပြည် စစ်ပွဲများရပ်တန့်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(EROs)အား ဖိအားပေးနေမှုများမှာ တရားမျှတမှု မရှိသည့်အပြင် ပြည်တွင်းစစ် ပိုမိုကြီးထွားလာစရာအကြောင်းအချက်များကို ဖန်တီးပေးရာရောက်ကြောင်း နိုင်ငံရေး၊ စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။