Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်း ဖန်ဝေါင်ကြောင့် ၁၈ ဦးသေဆုံး

တစ်ပတ်အတွင်း ဒုတိယမြောက် တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ အရေအတွက် ၁၈ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

ဓာတ်ပုံ - AP

တစ်ပတ်အတွင်း ဒုတိယမြောက် တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ အရေအတွက် ၁၈ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဖန်ဝေါင်ဟာ အရှေ့တောင်အာရှ ဒေသတွင်း ကျွန်းစုနိုင်ငံ တစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ကို နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ဖြတ်သန်း တိုက်ခတ်ပြီးတဲ့နောက် မြောက်ဖက် ပစိဖိတ် သမုဒ္ဒရာ ရေပြင်ဆီ ရွေ့လျားသွားပါတယ်။ ဖန်ဝေါင်ဟာ ဖိလစ်ပိုင် အတွက်တော့ တစ်ပတ်အတွင်းမှာ ဒုတိယအကြိမ် ကြုံခဲ့ရတဲ့ ဖျက်အားပြင်း တိုင်ဖွန်း ဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ မုန်တိုင်းဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ နိုင်ငံမြောက်ပိုင်း ဧရိယာတွေမှာ အပျက်အစီးတွေ၊ ကျိုးကျထားတဲ့ သစ်ပင်တွေကို လူအား၊ ယန္တရားတွေအားကို အသုံးပြု ရှင်းလင်းနေတာ တွေ့ခဲ့ရပါတယ်။

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ချိန်က နိုင်ငံရဲ့ ကမ်းရိုးတန်းနဲ့ မြေနိမ့်ဒေသ တချို့မှာ ဆိုးဆိုးရွားရွား ရေလွှမ်းမိုးမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ဖိလစ်ပိုင် အာဏာပိုင်တွေဟာ မုန်တိုင်း ဝင်ရောက်မလာခင် ရက်ပိုင်း အလိုကတည်းက လူပေါင်း ၁.၄ သန်းကို ဘေးလွတ်ရာ အရေးပေါ် ရွှေ့ပြောင်းပေးထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖန်ဝေါင်ကြောင့် အစောပိုင်းက ဖိလစ်ပိုင်မှာ လူ ၂ ဦး သေဆုံးကြောင်း ကြေညာခဲ့ပေမယ့် နောက်တော့ ၆ ဦးဖြစ်လာပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ ၁၈ ဦးထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

ဖန်ဝေါင် မတိုင်ခင် တစ်ပတ်တုန်းက ဖိလစ်ပိုင် အလယ်ပိုင်းကို နောက်ထပ် တိုင်ဖွန်းမုန်တိုင်း တစ်ခုဖြစ်တဲ့ ကာလ်မက်ဂီးက ဖြတ်သန်း တိုက်ခတ်သွားခဲ့ပါသေးတယ်။ ကယ်လ်မက်ဂီးဟာ ဖိလစ်ပိုင်မှာ အခုနှစ်အတွက် အသေအပျောက် ကြုံရတဲ့ မုန်တိုင်းလည်း ဖြစ်လာပါတယ်။ ကယ်လ်မက်ဂီးကြောင့် ဖိလစ်ပိုင်မှာ ၂၃၂ ဦးသေ၊ ၅၂၆ ဦး ဒဏ်ရာရပြီး ၁၀၉ ဦး ပျောက်ဆုံးနေပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဖန်ဝေါင်ကတော့ အစ္စဘဲလား ပြည်နယ်တဝိုက်မှာ ထိခိုက်မှုတွေ အဓိက ကြုံတွေ့စေခဲ့ပြီး တချို့ ကမ်းရိုးတန်း ကျေးရွာတွေဆီ ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် သစ်ပင်တွေကျိုး၊ မြေတွေပြို၊ လမ်းတွေပျက်ကုန်တာကြောင့် တချို့အခြေအနေဆိုးတဲ့ နေရာတွေဆီ သွားရောက်ဖို့ မဖြစ်နိုင်သေးကြောင်း ကာဂါယန်း တောင်ကြားဒေသ ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အယ်လ်ဗင်အေဆမ်က ဆိုပါတယ်။ အဲဒီနေရာမှာ မြေပြိုမှု အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း သတင်းတွေ ရရှိထားပါတယ်။

တိုင်ဖွန်းဖန်ဝေါင်ရဲ့ဒဏ်ကို အပြင်းထန်ဆုံး ခံစားရတဲ့ နောက်ထပ် နေရာတစ်ခုဖြစ်တဲ့ ကာတန်ဒူရာနက်စ် ကျွန်းမှာတော့ ရေချိုဖြန့်ဝေရေး စနစ်တွေ ဆိုးဆိုးရွားရွား ပျက်စီးကုန်ပါတယ်။ အဲဒီစနစ်တွေကို အပြည့်အဝ ပြန်ပြင်ဆင်နိုင်ဖို့ ရက်ပေါင်း ၂၀ ထက်မနည်း အချိန်ယူရနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင်ဟာ မုန်တိုင်းတိုက်ခတ်မှုတွေနဲ့ မစိမ်းလှဘဲ နှစ်စဉ် ပျမ်းမျှ မုန်တိုင်း အခု ၂၀ လောက်နဲ့ ကြုံတွေ့နေကျ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုနဲ့အတူ မုန်တိုင်းတွေရဲ့ ဖျက်ဆီးအား ပိုမို ပြင်းထန်လာနေကြောင်း သတိပေးထားပါတယ်။

လောလောဆယ်မှာတော့ ဖန်ဝေါင်ဟာ ထိုင်ဝမ်ကျွန်းဖက်ကို ဆက်လက် ဦးတည် ရွေ့လျားနေပြီး အစိုးရက အန္တရာယ်ဇုန်ထဲက ဒေသခံတွေကို ကြိုတင် ရွှေ့ပြောင်းပေးနေသလို ကျောင်းတွေကိုလည်း ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။ ဖန်ဝေါင်ဟာ ထိုင်ဝမ်ကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဖြတ်သန်း တိုက်ခတ်ဖွယ် ရှိနေပြီး ၂၄ နာရီအတွင်း မိုးရေချိန် ၄၀၀ မီလီမီတာလောက်ထိ သည်းသည်းထန်ထန် ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။