Connect with us

Hi, what are you looking for?

အတွေးအမြင်

အဆိပ်မြစ်ဖြတ်ကူးခြင်း

KNDF ဒုတိယစစ်ဦးစစ်ချုပ် မာဝီ​ရေးသားသော “အဆိပ်မြစ်ဖြတ်ကူးခြင်း” ​ဆောင်းပါးကို People’s Spring က ခွင့်ပြုချက်ရယူ​ဖော်ပြခြင်းဖြစ်ပါသည်။

မာဝီ​ရေးသားသည်။

ကျနော်တို့လူငယ်လှုပ်ရှားမှု့တွေလုပ်တော့ သင်တန်းတွေတက်ရတယ် လူငယ်စွမ်းရည်မြှင့်သင်တန်းတွေလို့ခေါ်ကြတာပေါ့။ အဲ့သင်တန်းတွေမှာ အဓိက အတွေးအခေါ်နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု့တွေကို သင်ကြရတယ်။ သင်တန်းတွေပြီးရင်လည်း ကျိုးသင့်ကြောင်းသင့် လျော်ကန်စွာတွေးခေါ်ခြင်း critical thinking နဲ့ စိတ်ဓါတ်အပြုအမူပိုင်းဆိုင်ရာပြောင်းလဲမှု့ attitute change တွေကိုပဲ အဓိကထားပြီ သင်တန်းအောင်မြင်မှု့ရလဒ်ကိုကြည့်ကြတယ်။ အဲ့သင်တန်းတွေမှာ ကစားနည်း (Games)တွေနဲ့ သင်တန်းရဲ့သင်ခန်းစာတွေကို လက်တွေ့ထိတွေ့ခွင့်ပေးပြီး ပြဿနာဖြေရှင်းခွင့်တွေကို ပေးတယ်။ ကျနော်ကိုယ်တိုင်လည်း အဲ့ကစားနည်းတွေကို ဝင်ရောက်ကစားဖူးသလို ကိုယ်ကိုတိုင်သင်တန်းတွေပြန်ပေးရတဲ့အခါမှာလည်း ကစားနည်းတွေကိုပြန်လည်အသုံးချပြီး သင်ကြားမှု့ ဝေမျှမှု့တွေကိုလုပ်ခဲ့တယ်။ အဲ့ဒီထဲက ကစားနည်းတစ်ခုက အခုကျနော်တို့ ကရင်နီတွင်သာမက တတိုင်းလုံးတပြည်လုံးမှာ ဖြစ်နေတဲ့ကိစ္စလေးနဲ့လည်း ယှဉ်ထိုးကြည့်လို့ရတဲ့ အခြေအနေဖြစ်နေတယ်။

ကစားနည်းက ဘယ်လိုကစားရလဲဆိုရင် ကစားကွင်းထဲရောက်နေတဲ့သူတွေကို အဖွဲ့ငယ်တွေခွဲလိုက်တယ် ဥပမာ လူ အယောက် ၃၀ ရှိတယ်ဆို ဆယ်ယောက် တစ်ဖွဲ့ခွဲလိုက်တယ်။ သင်တန်းဆရာက စပြီးကစားနည်းရဲ့စည်းကမ်းတွေနဲ့ ရရှိမည့်အထောက်အကူပစ္စည်းအရေအတွက် လုပ်ရမဲ့လုပ်ငန်းအနေအထားတွေကိုရှင်းပြတယ်။ အဲ့ဒါတွေကတော့

၁။ အရှေ့မှာ အဆိပ်မြစ်တစ်ဆင်းရှိတယ်လို့သတ်မှတ်ရအောင်လို့ပြောရင်း သင်တန်းဆရာက ပေ၂၀ လောက် အကျယ်ရှိတဲ့နေရာကို တိပ်တွေနဲ့ဟိုဖက်ကမ်းအတွက်တစ်ချောင်း ဒီဖက်ကမ်းအတွက်တစ်ချောင်း စည်းတားလိုက်တယ်။ ပြီးတော့ ဒီအဆိပ်မြစ်ဟာ အဆိပ်ပြင်းလွန်းတာကြောင့် သူ့ရဲ့အရေတွေကို ထိလို့မရဘူး ထိရင် သေသွားနိုင်တယ်လို့ရှင်းပြပြန်ပါတယ်။

Public Service Announcement

Public Service Announcement

၂။ ဒီအဆိပ်မြစ်ကို (၁၀) ယောက်တစ်ဖွဲ့ခွဲထားတဲ့ သုံးဖွဲ့စလုံးက ဟိုဖက်ကမ်းကိုရောက်အောင်သွားရမယ်လို့ ပြောပြီး အဖွဲ့အားလုံးကို တစ်ဖက်ကမ်းမှာ စုခိုင်းလိုက်တယ်။

၃။ အဲ့လိုတစ်ဖက်ကမ်းကိုကူးနိင်ဖို့ အဖွဲ့သုံးဖွဲ့လုံးအတွက် မြစ်ထဲမှာချနင်းပြီးဖြတ်နိုင်ဖို့ အထောက်အကူပြုစာရွက် ၁၂ ရွက်စီပေးတယ်။ စာရွက်တစ်ရွက်က ခြေဖဝါးတစ်ခု ကောင်းကောင်းနင်းဆန့်တဲ့အရွယ်အစား (A4) စာရွက်။ အဲ့စာရွက်တစ်ရွက်ချင်းစီကို ကျောက်ဆိုင်ကျောက်ခဲအဖြစ်သဘောထားပြီး အဆိပ်မြစ်ထဲကိုချကာ ရောက်နေပြီးသားကမ်းစပ်ကနေ နင်းဖြတ်ပြီး အခြားတစ်ဖက်ကမ်းကိုကူးရမှာဖြစ်တယ်။ ရှေ့ဆုံးနေတဲ့သူကတော့ စာရွက်တွေကိုကိုင်ပြီး ကျောက်ဆိုင်ကျောက်ခဲအဖြစ် မြစ်ထဲချပြီး ဖြတ်ရမှာဖြစ်တယ် သူ့နောက်ကနေ ကျန်တဲ့သူတွေက ချထားတဲ့စာရွက်တွေကို လိုက်နင်းသွားရမှာဖြစ်ပါတယ်။

အဖွဲ့တွေက တွက်နေကြတာပေါ့ စာရွက်က ၁၂ရွက်ရတယ် မြစ်အကျယ်က ပေ၂၀ ဆိုတော့ တစ်ရွက်နဲ့တစ်ရွက် ၂ ပေ ၂ပေခွဲလောက်ထားပြီး အားလုံး ကူးလိုက်ရင်ရပြီဆိုပြီး အဖွဲ့သုံးဖွဲ့လုံးက တွက်ချက်နေကြတာပေါ့။

စည်းကမ်းတွေအနေနဲ့

၄။ ချပြီးတဲ့စာရွက်ကိုတော့ ပြန်ကောက်လို့မရတော့ဘူး။

၅။ အဆိပ်မြစ်ရေကို အသားနဲ့ထိလို့မရဘူး၊ ထိသွားရင် တစ်ဖွဲ့လုံးအစကနေပြန်စ။

၆။ အဖွဲ့အားလုံး တစ်ဖက်ကမ်းကို ဘေးမသီရန်မခပဲ ရောက်ရမယ်။

အဲ့ဒါတွေကတော့ ကစားနည်းရဲ့ ပထမအပိုင်းပေါ့။

အဆင်သင့်ဖြစ်ရင် ကူးလို့ရပါပြီလို့ သင်တန်းဆရာက ပြောလိုက်တဲ့အခါ အဖွဲ့သုံးဖွဲ့လုံးက သူ့နေရာ ကိုယ့်နေရာ ယူကြတာပေါ့၊ အချို့အဖွဲ့ဆို ဆရာကစည်းတားလိုက်တာ နည်းနည်းလေးအထဲကိုကွေးသွားတဲ့နေရာကို ရွေးလိုက်သေးတယ် ဒီနေရာကနည်းနည်းပိုကျဉ်းတယ်ဟဆိုပြီးတော့။

တကယ်တော့ အဖွဲ့တိုင်းရထားတဲ့ စာရွက် ၁၂ ရွက်ဟာ ဟိုတဖက်ကမ်းကို ကူးဖို့လုံလောက်တဲ့ အရေအတွက်ပါပဲ ၉ရွက်ရှိရင်ကိုပဲ လုံလောက်တဲ့ အနေအထားဖြစ်ပါတယ်။

အဖွဲ့တွေဟာ သူ့နေရာကိုယ့်နေရာ ရွေးချယ်ကြပြီး အဆိပ်ဖြစ်ကိုဖြတ်ကူးလိုက်ကြပါတယ်၊ လွယ်ကူစွာပါပဲ အချို့အဖွဲ့ဆို စာရွက်တွေတောင် အကုန်မသုံးလိုက်ရဘူး ခြေလှမ်းကျဲကျဲ ပေါင်ကိုတော်တော်ကားပြီး ကူးလိုက်ကြတော့လေ။

ဟိုဖက်ကမ်းကိုရောက်ကြတော့ သူ့အဖွဲ့အရင်ရောက်တယ် ငါ့အဖွဲ့အရင်ရောက်တယ်တွေနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စကားရေလုနေကြတာပေါ့။ တနည်းဆို ပြိုင်နေကြတာပေါ့။ မလိုအပ်ပဲ ပေါင်ကားလွန်းလို့ ပုဆိုးပြဲတဲ့သူပြဲ ထမီပြဲတဲ့သူပြဲပေါ့။ အချို့ကလည်း သူ့ဟာသူ ဝတ်ချင်လို့ဝတ်လာတဲ့ ဘောင်းဘီကို ငါကဒီနေ့ ဒီလိုလုပ်ရမယ်ဆိုတာ ကြိုသိလို့ ဘောင်းဘီဝတ်လာတာကွဆိုပြီး မာန်ကြွနေသူကကြွပေါ့။

ပွဲကမပြီးသေးဘူး။

မြစ်ထဲမှာ သုံးလိုက်တဲ့ စာရွက်တွေထဲကနေ ဆရာက တစ်ဖွဲ့ကို ၂ ရွက်စီ လိုက်ကောက်ပြီး ဖယ်လိုက်တယ်၊ ကောက်နေရင်းနဲ့လည်း ပါးစပ်ကနေ မြစ်ရေထဲမှာ ကျောက်တုန်း၂ တုံးက မြောသွာတာပေါ့ကွာဆိုပြီးရှင်းပြတယ်။ အဲ့တော့အဖွဲ့တိုင်းမှာ ကျန်တာ ၁၀ရွက်ဆီပဲရှိတော့တယ်။ ဒါလည်းအေးဆေးသေးတယ်။ လုံလောက်နေသေးတယ်။ အဲ့ဒါနဲ့ တစ်ဖက်ကမ်းကို ထပ်ကူးကြတာပေါ့။ သိပ်မကြဲနဲ့ ပုံမှန်ပဲ အော်တဲ့သူအော်၊ ဒီတစ်ခါဆို ငါ့ပုဆိုး ထပ်ခြမ်းကွဲတော့မှာပဲ ပြောရင်းနဲ့ ခါးတောင်းကြိုက်သူကကြိုက်ပေါ့။

အဲ့လိုတွေ ပြောနေပြင်နေတဲ့အချိန်မှာ ဆရာကစကားတစ်ခွန်းထပ်အော်တယ် မင်းတို့အားလုံးရဲ့ပန်းတိုင်က ဟိုဖက်ကမ်းရောက်ဖို့နော်တဲ့။

အားလုံးက ဆရာအော်တာကိုမသိသလို ကြားသလို မကြားသလိုနဲ့ အာရုံမထားပဲ ကိုယ့်အဖွဲ့ဟိုဖက်ဖြတ်ကူးနိုင်ရေးကို ပြင်ဆင်ကြံကုန်နေကြလေရဲ့။

ဒီတစ်ခါလည်း နည်းနည်းတော့ ၀ရုန်းသုန်းကားလေးဖြစ်ပေမဲ့ အေးဆေးနဲ့ ဖြတ်ကျော်လိုက်ကြတယ်။ တဖက်ကမ်းရောက်တော့ င့ါအဖွဲ့အရင်ရောက်တာ မင်းတို့ကနောက်မှ စသဖြင့် စကားနိုင်တွေလုနေပြန်ပါရော၊ နောက်ဆုံးမှ ဖြတ်နိုင်လိုက်တဲ့အဖွဲ့ကသူတွေက စကားတွေများကြပြီ ဟိုကောင်ကြောင့်လေ သူသေချာမနင်းတော့ ငါတို့အစကနေတခါပြန်စရလို့ နောက်ကျတာ မင်းကြောင့်ဖြစ်ရတာ ဘာညာနဲ့ အပြစ်တင်သူကလည်းတင်ပေါ့။ ပြောခံရတဲ့ကောင်ကလည်း အရှေ့ဆုံးကကောင်က သေချာမှ မချတာ မလိုအပ်ပဲအကျယ်ကြီးချတော့ ရေထဲကျပြီးအစကပြန်စရတာပေါ့ဆိုပြီး ချေပ၊ ကြားထဲကနောက်တစ်ယောက်ကလည်း နောက်တကျော့ကျရင် ငါရှေ့ကနေမယ်ဆိုပြီး တောင်းဆို။ အချို့ကလည်း မအူမလည်နဲ့ သူများပြောတဲ့ဟာလေးတွေ့ပဲ နားထောင်ပြီးဟိုလူ့ကြည့်လိုက်ဒီလူ့ကြည့်လိုက်နဲ့။ တချို့ကလည်း ရှေ့ဆုံးနေတဲ့သူတွေလုပ်သမျှ ဖြစ်သမျှပေါ့ဆိုပြီး အနောက်ဆုံးမှာပဲအမြဲနေမယ် ဆုံးဖြတ်ထားသူက ဆုံးဖြတ်ပေါ့။ အရင်ဆုံးကမ်းကူးဖြတ်လာနိုင်တဲ့အဖွဲ့ကလည်း မြောက်ကြွမြောက်ကြွနဲ့ပေါ့။

ပွဲကမပြီးသေး။

ဆရာက ဒီတကျော့မှာလည်း မြစ်ထဲကျန်နေတဲ့ စာရွက်တွေထဲကနေ တစ်ဖွဲ့စီတိုင်းရဲ့ နောက်ထပ် စာရွက် ၃ရွက်ကို ထပ်ကောက်ပြီး ဖယ်ပလိုက်တယ်၊ မြစ်ထဲ ထပ်မျောပါသွားတာပေါ့ကွာဆိုပြီးတော့။ အဲ့တော့ အဖွဲ့တိုင်းဆီမှာစာရွက် ၇ ရွက်စီပဲ ကျန်တော့တယ်။ မြစ်အကျယ်က ပေ၂၀ ဆိုတော့ တစ်ရွက်ကို ၂ ပေခွဲ ၃ ပေလောက်နဲ့ခြားသွားရင် လုံလောက်နေပါသေးတယ် သို့သော် တော်တော်လေး နည်းလာပြီး သေချာလေးလုပ်မှပဲ နည်းနည်းကျယ်ကျယ်လှမ်းမှပဲ ရတော့မယ်။ အဖွဲ့တိုင်းကလည်း ထပ်ပြီး ၀ရုန်းသုန်းကားတွေဖြစ် ရှေ့ဆုံးကလူ သေချာ ညီညီလေးချနော်၊ အားလုံးအတွက် အဆင်ပြေအောင်ချ ဘာညာ ညှိနှိုင်းနေကြတာပေါ့ အသံတွေ ပိုပိုပြီးကျယ်လာပြီ ရှေ့ကအခေါက်တွေထက်။

ဆရာကလည်း အဖွဲ့အားလုံး သေချာတိုင်ပင်ကြ ဆွေးနွေးကြ ပြောဆိုကြ ပြီးမှ ရယ်ဒီဆိုရင် စမယ်။ မင်းတို့အားလုံးရဲ့ပန်းတိုင်က ဟိုတဖက်ကမ်းကိုရောက်ဖို့ဆိုပြီး ထပ်အော်ပြောတယ်။

အဖွဲ့တွေကတော့ သူရှေ့မှာနေမယ် ငါအလယ်မှာနေမယ်၊ ဟိုကောင်အနောက်မှာနေ စသဖြင့် နေရာချသူကချ အပေါ်အင်္ကျီတွေချွတ်သူကချွတ်ပေါ့။ ပေ၂၀ အကျယ်မှာ ကျောက်တုံးအဖြစ်သုံးမဲ့စာရွက်က (၇)ရွက်ပဲကျန်တော့တာဆိုတော့ နည်းနည်းပိုပြီး ခြေလှမ်းကျယ်ကျယ်လေးကားရတော့မှာဆိုတာ သိနေကြပြီလေ။

အားလုံးရယ်ဒီလား ရယ်ဒီဆိုစမယ်။ ဆရာအော်သံအချက်ပြတာနဲ့ အဆင်သင့်နေရာပြန်ယူကြပြီး တတိယမြောက်အကျော့ကိုစတင်လိုက်ကြတယ်။ အရင်အခေါက်တွေထက်ပိုပြီးတော့ အု အား အင်း အဲ စသဖြင့် အာမေဍိတ်အသံတွေထွက်လာကြပါတယ်။ သို့သော်လည်း သေချာပြင်ဆင်ပြီးမှ လုပ်လိုက်တော့ နည်းနည်းခက်ခဲပေမဲ့ ကျော်လွှားနိုင်ပြီးတော့ တဖက်ကမ်းကို ထပ်ရောက်သွားပြန်ကြပါတယ်။

ဟိုကောင်တွေ အစောက ငါတို့ကိုပြောထားတာ ဒီတစ်ခေါက်တော့ဒီကောင်တွေ ဘိတ်ချီးပဲဆိုပြီး ကလဲ့စားပြောဆိုသံတွေ ရှေ့တခေါက်နဲ့မတူ တဲ့ ငြင်းကြခုန်ကြ အမှု့ကို ထပ်ပြုကြ။ မင်းတို့ကညစ်ပတ်တာကိုး ရေထဲကျရဲ့နဲ့ ပြန်မစပဲ ဆက်သွားတာကိုကွ ငါတို့က ရိုးရိုးသားသားပဲ ရေထဲကျတော့ ပြန်စပြီးလုပ်တော့ နောက်ကျတာ မင်းတို့သာ မရိုးမသားပန်းဝင်ကြတာ မရှက်ဘူးလားဘာလား စကားနိုင်လုကြတာပေါ့။ ဆရာကတော့အဲ့အခြေအနေတွေမှာ ဘာမှဝင်မပြောပဲ ဘေးကနေပြုံးပြုံးပဲ ကြည့်နေရင်း ထုံးစံအတိုင်း မြစ်ထဲကျန်နေတဲ့စာရွက်တွေထဲကနေ နောက်ထပ် ၃ရွက် ထပ်ပြီးကောက်ယူပြီး ရေစီးနဲ့မျောသွားပြန်ပြီကွာဆိုပြီး ထပ်ပြောလိုက်တယ်။ အဖွဲ့တိုင်းက ဟာ ဟင်တွေဖြစ်ကုန်ပြီး ဆရာရယ် စာရွက်လေးရွက်ထဲနဲ့ ပေ၂၀ ကျယ်တဲ့အကျယ်ကို ဘယ်လိုရမှာလဲဆိုပြီး အားလုံးက စောတကတက်ကြ၊ အချို့ကလည်း ဒါသက်သက်ဆရာကညစ်ပတ်တာပဲ၊ ကျနော်တို့ကူးလို့ရလို့ လုံး၀မကူးနိုင်အောင်လုပ်တာပဲဆိုပြီး ပြောသူကပြော၊ ဇွဲကြီးသူအချို့ကလည်း ရအောင်ကူးကြမယ်ဟေ့လို့ပြောပြီး လက်သီးလက်မောင်းသန်းကြ။

ဆရာက သူပေးထားတဲ့ စာရွက် မင်းတို့အဖွဲ့တွေလက်ထဲမှာရှိတဲ့စာရွက်အရေအတွက်က လုံလောက်တဲ့အရေအတွက်ပါလို့ပြောတယ်၊ နည်းနည်းတော့ ပိုအားစိုက်ထည့်ရမှာပေါ့လို့ပြောတယ်၊ မင်းတို့လုပ်နေကြအရာတွေကို ပြုပြင်ပြောင်းလဲပြီး နည်းလမ်းအသစ်တွေတီထွင်ကြံဆပေါင်းစပ်ပြီး အားလုံးရဲ့အကြံဉာဏ်တွေယူကြည့်ကြဖို့လည်း ထပ်ပြောတယ်၊ အားလုံးကတော့ စာရွက် ၄ရွက်နဲ့ တိုင်ပတ်နေကြပြီ ဆရာပြောတာ နားထောင်သူကလည်းနားထောင် အစမ်းအနေနဲ့ မြစ်ထဲမှာစာရွက်ကို အကွာအဝေးချကြည့်သူကချကြည့်နဲ့ တဖက်ကမ်းကို ဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာ အသေအကြေစဉ်းစားနေကြတော့တယ်။

သေချာတာတစ်ခုက စာရွက်က တော်တော်ကျဲကျဲချနိုင်မှ တဖက်ကမ်းကိုရောက်တော့မှာလို့ အားလုံးကနားလည်ကြတယ်၊ ပြေးခုန်မှရမယ်၊ ခုန်တဲ့အခါ သေချာခုန် ရေထဲမကျစေနဲ့ ဘာညာတွေ အဖွဲ့လိုက် ဆွေးနွေးတိုင်ပင်နေကြပြီ။ ဆရာကလည်း မင်းတို့ရယ်ဒီဆိုရင်ပြောနော့ ဆိုပြီး အရိပ်အကဲပဲ ဘေးကနေကြည့်နေတယ်။ အချိန်ခဏကြာတော့ ဆရာကနေပဲ စကြရအောင်လို့အချက်ပြလိုက်ပြီး အဆိပ်မြစ်ကိုဖြတ်ဖို့လုပ်ကြတော့တယ်။

အဖွဲ့တိုင်းက အားရှိတဲ့သူတွေ အမျိုးသားတွေကပဲ အရင်ခုန်ကြ ကူးကြပေါ့၊ သို့သော်မရပါဘူး၊ အရှိန်နဲ့ခုန်ရတာမလို့ ပထမတစ်ရွက်မှာတော့ အဆင်ပြေပေမဲ့ နောက်အရွက်တွေမရောက်ခင်မှာပဲ ခြေထောက်က ရေလို့သတ်မှတ်ထားတဲ့နေရာမှာပဲ ကျကျသွားလို့ ပြန်ပြန်စနေရတာနဲ့ အမျိုးသမီးတွေအလှည့်တောင်မရောက်ဖြစ်နေတယ်။ အဖွဲ့တိုင်းက ခုန်လိုက် ပြန်စရလိုက်နဲ့ တိုင်တွေပတ်နေရော၊ ငါခုန်မယ် သူခုန်မယ်နဲ့လည်း အလှည့်တွေလည်းလုကြ၊ ခုန်လို့ အကျမတော်တဲ့အခါ ခြေထောက်ခေါက်သူကခေါက် နာတဲ့သူကနာ အချို့ကလည်းခေါင်းကုတ်ပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲ အသေအလဲစဉ်းစားနေကြတယ်။ မျက်မှောင်တွေလည်းကြုပ်လို့။

ဆရာကလည်း ဟိုအဖွဲ့နားသွားလိုက် ဒီအဖွဲ့နားလာလိုက်နဲ့ ပါးစပ်ကလည်း သေချာဆွေးနွေးကြ၊ တိုင်ပင်ကြ၊ တီထွင်ကြံဆ ပေါင်းစပ်ညှိနှိုင်းကြ၊ မလောနဲ့ မင်းတို့အားလုံးရဲ့ပန်းတိုင်က ဟိုဖက်ကိုဒီဖက်ကမ်းကလူတွေအားလုံး ရောက်သွားကြဖို့ပဲ မင်းတို့ဆီမှာရှိတဲ့ စာရွက်အရေအတွက်က လုံလောက်တဲ့အရေအတွက်ဖြစ်တယ် စသဖြင့် အကြိမ်ကြိမ်အော်ပြောနေတယ်။

အဖွဲ့တိုင်းကလည်း ဟိုဖက်ကမ်းရောက်ရှိရေးကြိုးစားအားထုတ်နေရင်း အလုပ်တွေရှုပ်နေတယ်၊ ခုန်လိုက်တလှည့် လက်တွေချိတ်ပြီးတခါ၊ ဘယ်လိုပဲဖြစ်ဖြစ် အမြဲပြန်ပြန်စနေရတယ်၊ ခရီးမတွင်နေဘူး။ ဘယ်လိုလုပ်လုပ် ရေထဲပဲကျနေတယ်။

အဲ့လိုအလုပ်ရှုပ်နေတဲ့အတောအတွင်းမှာပဲ ဆရာက သေချာဆွေးနွေးကြ၊ တိုင်ပင်ကြ၊ တီထွင်ကြံဆ ပေါင်းစပ်ညှိနှိုင်းကြ၊ မလောနဲ့ မင်းတို့အားလုံးရဲ့ပန်းတိုင်က ဟိုဖက်ကိုဒီဖက်ကမ်းကလူတွေအားလုံး ရောက်သွားကြဖို့ပဲ မင်းတို့ဆီမှာရှိတဲ့ စာရွက်အရေအတွက်က လုံလောက်တဲ့အရေအတွက်ဖြစ်တယ်ဆိုပြီး ထပ်ခါထပ်ခါအော်ပြောနေတယ်။ သို့သော်ဆရာ့အသံက တိုးမပေါက်တော့ဘူး အဖွဲ့တိုင်းရဲ့ဇောက ဟိုဖက်ကမ်းကိုရောက်ရှိရေးပဲ ပထမဦးစားပေးဖြစ်နေတယ် လက်ထဲရှိတဲ့အရင်းအမြစ်လေးနဲ့ ဘယ်လိုရအောင်လုပ်မလဲဆိုတာပဲ အဓိကတွေးတောနေကြတော့တယ်။ အဖွဲ့တိုင်းက အကြိမ်ကြိမ်အဖန်ဖန်ကြိုးစားနေကြတယ် သို့သော် မအောင်မြင်နိုင်ဘူးဖြစ်နေကြတယ်။

ဒါနဲ့ ဆရာက သင်တန်းသားများအားလုံး တစ်ချက်လေးငြိမ်ရအောင် ဆရာသေချာပြန်ရှင်းပြပါ့မယ်ဆိုပြီး လူတွေကိုခဏအာရုံပြန်စိုက်ခိုင်းပြီး တစ်ချက်ချင်းစီ ပြောတော့တယ်

နံပါတ် (၁) မင်းတို့အားလုံးရဲ့ပန်းတိုင်က ဟိုးတဖက်ကမ်းကို ဒီဖက်ကမ်းကသူအားလုံးရောက်သွားကြဖို့ဖြစ်တယ်၊

နံပတ် (၂) သေချာလေး ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ ညှိနှိုင်းကြ၊

နံပါတ် (၃) တီထွင်ကြံဆ ပေါင်းစပ်ကြ

နံပါတ် (၄) မင်းတို့အားလုံးမှာရှိတဲ့ အရင်းအမြစ် စာရွက်အရေအတွက်ဟာ တဖက်ကမ်းကို မင်းတို့အားလုံးရောက်နိုင်ဖို့ လုံလောက်တဲ့အရေအတွက် ဖြစ်တယ်

အဲ့ဒီလို တစ်ချက်ချင်း အားလုံးကိုရှင်းပြတဲ့အခါ တချို့က ငူငူကလေးတွေပဲရှိနေပြီး နားမလည်ကြဘူး ဆရာပြောတာကို ငါတို့ဆွေးနွေးတာပဲ တိုင်ပင်တာပဲ အကောင်အထည်ဖော်တာပဲပေါ့ ဆရာက ဒီစကားပဲ ဘာလို့ ထပ်ခါထပ်ခါပြောနေသလဲပေါ့ အူကြောင်ကြောင်လေးတွေဖြစ်နေကြတယ်။

ဆရာကလည်း ဒီလိုကွာ ပြန်ပြောမယ်နော်ဆိုပြီး နောက်တစ်ခါ

နံပါတ် (၁) မင်းတို့အားလုံးရဲ့ပန်းတိုင်က ဟိုးတဖက်ကမ်းကို ဒီဖက်ကမ်းကသူအားလုံးရောက်သွားကြဖို့ဖြစ်တယ်၊

နံပတ် (၂) သေချာလေး ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ ညှိနှိုင်းကြ၊

နံပါတ် (၃) တီထွင်ကြံဆ ပေါင်းစပ်ကြ

နံပါတ် (၄) မင်းတို့အားလုံးမှာရှိတဲ့ အရင်းအမြစ် စာရွက်အရေအတွက်ဟာ တဖက်ကမ်းကို မင်းတို့အားလုံးရောက်နိုင်ဖို့ လုံလောက်တဲ့အရေအတွက် ဖြစ်တယ် ဆိုပြီး ထပ်တစ်ခါပြောပြန်တယ်

အဲ့ဒီအချိန်မှ သင်တန်းသားတွေထဲက နည်းနည်းမြန်မြန်အတွေးပေါက်သွားသူက သိပြီ သိပြီ ဆိုပြီး ထအော်တော့တယ်။ အားလုံးကလည်း စိတ်ဝင်တစားနဲ့ဖြစ်ကုန်ကြကြပီး အားလုံးရဲ့မျက်လုံးတွေ နားတွေက ထအော်တဲ့သူတစ်ယောက်ဆီကို စုပြုံရောက်ကုန်တော့တယ်။

ငါတို့အားလုံးမှာရှိတဲ့ အရင်းအမြစ်စာရွက်တွေဟာ တဖက်ကမ်းကိုကူးဖို့ လုံလောက်တဲ့ အရင်းအမြစ်ပမာဏဖြစ်တယ်ဆိုတာ ငါတို့အဖွဲ့မှာ ၄ ရွက် မင်းတို့အဖွဲ့မှာ ၄ ရွက် တတိယအဖွဲ့မှာ ၄ရွက်ဆိုတော့ စုစုပေါင်း ၁၂ ရွက်ပေါ့ကွာ ပန်းတိုင်ကလည်း ငါတို့အားလုံးက ဟိုးဖက်ကမ်းကို ဘေးမသီရန်မခပဲရောက်ဖို့ဆိုတော့ ငါတို့သုံးဖွဲ့အားလုံးပေါင်းပြီး ပေ၂၀ ကျယ်တဲ့ အဆိပ်မြစ်ကို အရင်းအမြစ် စာရွက် ၁၂ ရွက်နဲ့ ကူးလိုက်ရုံပေါ့ကွားဆိုပြီး ရှင်းပြလိုက်တယ်၊

ဆရာကိုလည်း အကူအညီလှမ်းတောင်းအတည်ပြုသေးတယ် အဲ့လိုဟုတ်တယ်မလားဆရာ ဟုတ်တယ်မလားဆိုပြီး။

ဆရာကလည်း မင်းတို့ယုံကြည်ရင် အားလုံးလက်ခံရင်လုပ်ကြည့်ပေါ့၊ ဟုတ်လားမဟုတ်လား ပန်းတိုင်ရောက်လားမရောက်လားဆိုတာ မင်းတို့ပဲ ဆုံးဖြတ်ပေါ့လို့ပဲ ပြောပြီး ခပ်တည်တည်ပြန်နေနေတယ်။

အားလုံးကလည်း အစောကဉာဏ်ကြီးရှင်လေးပြောတဲ့အတိုင်း သုံးဖွဲ့စလုံးပေါင်းစပ်ပြီး ရှိတဲ့စာရွက် တစ်ဖွဲ့၄ရွက်ကိုပေါင်းစပ်ပြီး ၁၂ရွက်ဖြစ်စေကာ အဆိပ်မြစ်ထဲ ပုံမှန်ခြေတစ်လှမ်းစာ တန်းစီပြီး ချလိုက်တဲ့အခါ အမျိုးသမီး အမျိုးသား ပိန်သူ ၀သူ အားနည်းသူ အားရှိသူ ထလီဝတ်သူ ဘောင်းဘီဝတ်သူ ရှည်သူ ပုသူ အရွယ်စုံအားလုံး အေးအေးလူလူနဲ့ မပင်မပန်း မခုန်ပျံရ မလိုအပ်တဲ့အားတွေ အတင်းမထုတ်ရပဲ တဖက်ကမ်းကို ရောက်သွားတော့တယ်။ အဲ့တော့မှ အားလုံးပျော်ကြ ခုန်ကြ အောင်ပွဲခံကြပြီး ကစားပွဲရဲ့နည်းနာကို အားလုံးနားလည်သွားကြတော့တယ်။

ကျနော်တို့လူမှု့အသိုင်းအဝန်းမှာက အဲ့လိုဖြစ်နေတာ အဖွဲ့ခွဲခိုင်းလိုက်တာနဲ့ ပြိုင်ဆိုင်ဖို့ကိုအရင်တွေးလိုက်ကြတော့တယ်၊ ငါ့လက်ထဲရှိတာ ငါ့အပိုင်ပဲ ဘယ်သူ့ကိုမှ မမျှပေးနိုင်ဘူးဆိုပြီးတွေးလိုက်ကြတယ်၊ ကစားနည်းထဲမှာ ဆရာက အဖွဲ့ကို သုံးဖွဲ့ခွဲလိုက်တာ ပြိုင်ကြဖို့တခွန်းမှမပြောခဲ့ဘူး၊ ကြားထဲမှာလည်း လုပ်ရမဲ့နည်းလမ်း​တွေ ပန်းတိုင်ကဘယ်ဟာ ကိုယ့်မှာကဘာအရင်းအမြစ်ရှိတာ စသဖြင့်ပြောနေပေမဲ့ ကိုယ့်အဖွဲ့အနိုင်ရရေး ကိုယ့်အဖွဲ့သာလျှင်သူများထက်သာရေး ကိုယ့်အဖွဲ့ကသာလျှင် ဆိုတဲ့ အဖွဲ့စွဲစွဲကပ်သွားတဲ့အခါ အပြင်ကသတိပေးတာတွေကိုမကြားရတော့ပဲ ကိုယ့်ရဲ့မကုန်ခမ်းသင့်တဲ့အားတွေကို ကုန်ခမ်းစေပြီးတော့ မလိုအပ်တဲ့ ဆုံးရှုံးမှု့ နာကျင်မှု့တွေရရှိကုန်ကြတယ်။

သို့သော်လည်း အမှန်ကိုပြင်ဖို့ နောက်ကျသွားသည်ဆိုတာမရှိတဲ့အတွက် သဘောပေါက်တဲ့အခါမှာ အားလုံးရှိတဲ့အရင်းအမြစ်တွေပေါင်းစပ်ပြီး သူ့အဖွဲ့ ကိုယ့်အဖွဲ့ဆိုတာတွေမရှိတော့ပဲ ငါတို့အားလုံးဆိုတဲ့စဉ်းစားချက်အောက်မှာ အကောင်အထည်ဖော်လိုက်တော့ ပန်းတိုင်ရောက်ရတာပါပဲ။ အဲ့လိုသဘောပေါက်ဖို့တော့ ဉာဏ်ပညာအထိုက်အသင့်ရှိရမှာဖြစ်ပြီး ပေါင်းစပ်ဖို့ကသဘောထားကြီးမြတ်ရတာတွေလည်းရှိရမှာပါ။ အဖြေကိုသိတယ်၊ နည်းလမ်းကိုလည်းသိတယ် သို့သော် သဘောထားသေးသိမ်မှု့ကြီးစိုးနေရင်လည်း အလုပ်မဖြစ်နိုင်ပါဘူး။ လက်တွေ့ဘ၀မှာလည်း အဲ့လိုတွေဖြစ်နေတာတွေရှိနေပါတယ်။ မလိုအပ်တဲ့ အားထုတ်မှု့တွေ ဆုံးရှုံးနစ်နာမှု့တွေ မဖြစ်စေရန် အမှန်ကိုမြင်ပြီး ဉာဏ်ပညာအမြော်အမြင်နဲ့ သဘောထားကြီးမြတ်မှု့ဟာ အင်မတန်မှအရေးကြီးပါတယ်။

ကရင်နီရဲ့လက်ရှိတော်လှန်ရေးအခြေအနေတွေကို ပြန်ကြည့်ရင်း ဒီကစားနည်းထဲက အဖွဲ့လေးတွေလိုပဲ ဖြစ်နေတာကိုတွေ့ရပါတယ်။ အဖွဲ့တိုင်းရဲ့ခေါင်းဆောင်များဟာ ရေရှည်အနာဂတ်အတွက် ဉာဏ်အမြော်အမြင်နဲ့သဘောထားကြီးမြတ်သောသူများဖြစ်နိုင်ဖို့ များစွာလိုအပ်ပါတယ်။ တဖက်ကမ်းကို ကျနော်တို့အားလုံးကူးနိုင်မှဖြစ်မှာပါ။ အဆိပ်မြစ်ထဲ ပြုတ်ကျဆုံးရှုံးရတဲ့သူတွေ အနည်းဆုံးဖြစ်အောင် အမြန်ဆုံးစွမ်းဆောင်နိုင်ကြဖို့လိုအပ်ပါတယ်။

တစ်နိုင်ငံလုံးအခြေအနေကလည်း ထိုနည်းလည်ကောင်းပါပဲ။ တစ်နိုင်ငံလုံး တဖက်ကမ်းကိုကူးနိုင်မှ အောင်မြင်မှာပါ။ ကျနော်တို့အားလုံးရဲ့ပန်းတိုင်က ကျနော်တို့အားလုံး တစ်ဖက်ကမ်းဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဆီကို ဘေးမသီရန်မခပဲ အဆုံးအရှုံးအနည်းဆုံးနဲ့ ရောက်ဖို့ပါပဲ။

( KNDF ဒုတိယစစ်ဦးစစ်ချုပ် မာဝီ​ရေးသားသော “အဆိပ်မြစ်ဖြတ်ကူးခြင်း” ​ဆောင်းပါးကို People’s Spring က ခွင့်ပြုချက်ရယူ​ဖော်ပြခြင်းဖြစ်ပါသည်)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် ယ​နေ့ (စက်တင်ဘာ၄) ကရင်နီပြည် ၊လွိုင်​ကော်မြို့သို့လာ​ရောက်စဥ် ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF)က ၁၂၀ မမဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက အတည်ပြု​ပြောကြားသည်။

သတင်း

ပြီးခဲ့သည့် ဩဂုတ်အတွင်း လွိုင်ကော် - ဒီးမော့ဆိုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် ထိခိုက်မှုများကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့ ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝကျဆင်းနေပြီး စစ်တိုက်ရာ၌လည်း အောက်ဆုံးအဆင့် ရောက်ရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဒုတိယစစ်ဦးစီးချုပ် ကိုမာဝီက ပြောသည်။

သတင်း

၁၀ ရက်ကြာမြေပြင်ထိုးစစ်တွင် သေဆုံးဒဏ်ရာရသူများပြီး အထိနာခဲ့သည့် စစ်ကောင်စီတပ်က လွိုင်ကော်မြို့နယ် ရွာတန်းရှည် ရပ်ကွက် ကို ယနေ့(ဇူလိုင် ၃ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကြောင်း ကရင်နီစစ်ရေးသတင်းရင်း မြစ်များ​က ပြောသည်။

Facebook