Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ပင်ကွင်းရွာ သေနတ်ပစ်ကွင်းက ပစ်ခတ်မှု

အဲဒီတပ်တွင်းပစ်ခတ်မှုဟာ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းရွာ မှာရှိတဲ့ သေနတ်ပစ်ကွင်းမှာ စစ်ကောင်စီတပ်သားအချင်းချင်းကြား ဖြစ်ခဲ့တာပါ။

တပ်တွင်းစည်းလုံးမှု ရှိဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က တဖွဖွပြောနေချိန်မှာပဲ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ တပ်တွင်းပစ်ခတ်မှု မနေ့ကညပိုင်းကဖြစ်ပွားခဲ့ပါတယ်။

အဲဒီတပ်တွင်းပစ်ခတ်မှုဟာ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းရွာ မှာရှိတဲ့ သေနတ်ပစ်ကွင်းမှာ စစ်ကောင်စီတပ်သားအချင်းချင်းကြား ဖြစ်ခဲ့တာပါ။

ဒေသခံအချို့ဆီက ကြားသိရတာကတော့ သေနတ်ပစ်ကွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အချင်းများရာကနေ ပစ်ခတ်မှုဖြစ်တယ်လို့သိရပါတယ်။

ပစ်ခတ်မှုကြောင့် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ဦး၊ တပ်သား ၅ ဦး၊ တပ်မိသားစုဝင် အမျိုးသမီး ၂ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုအလားတူ ပစ်ခတ်မှုမျိုးဟာ အခုနှစ်ဆန်းပိုင်း က ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ် က စစ်ကောင်စီတပ်တွင်းမှာ ဖြစ်ခဲ့ပါတယ်။

တပ်သားက ပစ်ခတ်လို့ အရာရှိ ၁ ဦး သေဆုံးခဲ့တဲ့ ကန်ပက်လက်တပ်တွင်းပစ်ခတ်မှုကိုတော့ စစ်ကောင်စီဘက်က အတည်ပြုခဲ့ဖူးပါတယ်။

သံလျင်ပစ်ခတ်မှုမှာ သေဆုံးသူတွေရဲ့ အမည်စာရင်းကို မြန်မာနောင်းမ်မီဒီယာက ဖော်ပြရာမှာ ဗိုလ်ကြီးမျိုးဟန်၊ တပ်ကြပ် သိန်းအောင်၊ တပ်သားတွေဖြစ်တဲ့ တိုးတက်နိုင်၊ မျိုးမင်းခန့်၊ စန်းဝင်း၊ အောင်လေးနဲ့လင်းလင်းထွေးတို့ ဖြစ်တယ်လို့ အတိအလင်းရေးသားထားပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီး ၂ ဦးကတော့ စခန်းမှာရှိတဲ့ တပ်ကြပ်ကြီး ဇော်မိုးဦးရဲ့ ဇနီးဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်မော်မော်စန်းနဲ့ အသက် ၃၀ နှစ်အရွယ် သမီးဖြစ်သူ မအေးမြတ်မိုးတို့ ဖြစ်တယ်လို့သိရပါတယ်။

ပစ်ခတ်သူ ၂ ဦးအနက် ၁ ဦးကဖမ်းခံရတယ်လို့သတင်းတွေထွက်နေပြီး ကျန် ၁ ဦးဟာ လက်နက်နဲ့အတူ လွတ်မြောက်သွားပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ ရန်ကုန်အရှေ့ပိုင်းတာဝတက္ကသိုလ်နဲ့ သူဌေးကွင်းရွာကြားမှာ တည်ရှိတာဖြစ်ပြီး အရင် က အဲဒီနေရာကို ရဲတပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်ရာနေရာအဖြစ်အသုံးချဖူးတယ်လို့သိရပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အဲဒီနေရာတဝိုက်ကို စစ်ကောင်စီတပ်က တပ်စွဲထားလိုက်တာဖြစ်တယ်လို့ ဒေသခံက ပြောပြပါတယ်။

ပစ်ခတ်မှုမှာ လွတ်မြောက်သွားတဲ့ တပ်သား ကိုရှာဖွေဖို့အတွက် အခင်းဖြစ်ပွားရာ အနီးတဝိုက်အပြင် သန်လျင်မြို့နယ်ရဲ့ ဝင်ပေါက် ထွက်ပေါက်တွေကို ပိတ်ဆို့ ရှာဖွေခဲ့တယ်လို့ ဒေသခံအချို့က သိရပါတယ်။

သန်လျင်နဲ့ရန်ကုန် ဘက်ခြမ်းကို ဆက်သွယ်တဲ့ တံတားတွေဖြစ်တဲ့ သန်လျင်တံတား ၊ကုလားဝဲတံတားတွေမှာ အစစ်အဆေးကြမ်းသလို သန်လျင် မြို့တွင်း ကိုလည်း ကင်းလှည့်တာတွေလုပ်ခဲ့ပါတယ်။

ဒါအပြင် သန်လျင်နဲ့ဆက်စပ်နေတဲ့ သုံးခွ၊ တွံတေး၊ ခရမ်း ဘက်ကိုသွားရာလမ်းတွေကိုလည်း အဝင်အထွက် ပိတ်ထားတယ်လို့ သန်လျင်မြို့နယ်အတွင်းနေထိုင်သူ အမည်မဖော်လိုတဲ့အမျိုးသားတစ်ဦးက ဒီနေ့ သွားလာခဲ့တဲ့အခြေအနေကိုပြောပြပါတယ်။

“သုံးခွ ဘက်ဆို ကန်စွန်းရွက်သည်တောင် ပေးမသွားဘူး” လို့ လမ်းပိတ်ထားပုံကို အဲဒီအမျိုးသားက ပြောပါတယ်။

သန်လျင်ကနေ ဗဟန်းမြို့နယ်ဆီ ရုံးတက်ရတဲ့အမျိုးသမီးတစ်ဦးကလည်း သန်လျင်တံတားကို ပိတ်ဆို့စစ်ဆေးတာကိုနာရီနဲ့ချီပြီး ဒီနေ့မနက်ပိုင်းက ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ဆေးခံဖို့အတွက် စောင့်ဆိုင်းနေတဲ့ ကားတန်းဟာ ၄၅ မိနစ်နီးပါးကြာတာတောင် နေရာကနေ မရွှေ့ဘူးလို့ အဲဒီအမျိုးသမီးဆိုပါတယ်။

သန်လျင်တံတားအဆင်း ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်ဆီသွားရာ လမ်းနဲ့ တိုင်းရင်းသားကျေးရွာအနီး အစစ်အဆေးကြမ်းခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားကျေးရွာအနီးမှာစစ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဟာဆိုရင် ကားပေါ်မှာ ပါလာတဲ့ ယောင်္ကျားလေးတွေကို ဆင်းခိုင်းကာ လူအပြင် အိတ်တွေကို ပါ ဖွင့်စစ်ဆေးတာမျိုးလုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ပင်ကွင်းပစ်ခတ်မှုနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်လာမျိုးမရှိဘဲ နှုတ်ဆိတ်နေပါတယ်။

အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံက အကျပ်အတည်းဆိုက်နေတဲ့ စစ်ခေါင်းဆောင်ဟာ တပ်ပြိုကွဲမှာစိုးရိမ်နေတာကြောင့် ရေပက်မဝင်တဲ့ တပ်တွင်းစည်းလုံးမှုရှိဖို့ တပ်ဌာနချုပ်တွေဆီသူကိုယ်တိုင်သွားရောက်စည်းရုံးတာရှိသလို သူ့သြဇာခံဗိုလ်ချုပ်ကြီးတွေကို စေလွှတ်တာမျိုးတွေ ခပ်စိတ်စိတ်ရှိခဲ့ပါတယ်။

အဲဒီလို စည်းရုံးမှုတွေထဲက တစ်ခုဆိုရင် တပ်တွင်းမှာ အရာရှိနဲ့တပ်သား အတူတူထမင်းတဝိုင်းတည်းစားကြဖို့အထိ ညွှန်ကြာတာမျိုးရှိလာသလို ဒီလို စားသောက်တဲ့ ပုံတွေဟာ ဝါဒဖြန့်သတင်းစာရဲ့မျက်နှာဖုံးတွေ မှာနေရာယူထားတာတွေ့ရပါတယ်။

ဒါပေမယ့် အောက်ခြေမှာတော့ အထက်အောက် မကျေလည်မှု ဖြစ်ကာ ပစ်ခတ်မှုတွေရှိနေဆဲပါ။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။