ခါကာဘို ရေးသားသည်။
ယနေ့ ကမ္ဘာဟာ မိမိရဲ့ မိုဘိုင်းမျက်နှာပြင်ကို လက်ချောင်းလေးနဲ့ ထိလိုက်ရုံနဲ့ အာလာဒင်ရဲ့ တစ်ထောင်နှင့်တစ်ည ပုံပြင်ထဲက လိုတရမီးခွက်လို ကမ္ဘာတစ်ခုလုံး ကိုယ့်ရှေ့ ရောက်လာစေနိုင်တဲ့ ခေတ် ဖြစ်ပါတယ်။ သို့သော် လူငယ်တချို့အတွက်တော့ ဒစ်ဂျစ်တယ်ကမ္ဘာနဲ့ နီးကပ်လာခြင်းက၊ မိမိလက်တွေ့ဘဝရဲ့ ပြင်ပကမ္ဘာနဲ့ ပိုမိုဝေးကွာသွားခြင်းရဲ့ အစလည်း ဖြစ်လာနေပါတယ်။
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးက TikTok, YouTube, Meta နဲ့ Snapchat အပါအဝင် ဆိုရှယ်မီဒီယာကုမ္ပဏီတွေကို တရားစွဲဆိုထားတဲ့အမှုဟာ ဒီအခြေအနေကို အထင်အရှားပြသနေပါတယ်။
သတင်းအရ ထိုလူငယ်လေးဟာ သူသုံးခဲ့တဲ့ ပလက်ဖောင်းတွေကြောင့် သူ့ရဲ့ စိတ်ကျန်းမာရေး ထိခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

Public Service Announcement
သတင်းအရ TikTok က တရားရုံးမတင်မီ သဘောတူညီချက်ဖြင့် ပြေလည်ခဲ့ပြီး၊ YouTube နဲ့လည်း ဇွန်လ ၂၃ ရက်နေ့မှာ သဘောတူညီချက်တစ်ခုရရှိထားပြီးကြောင်းသိရပါတယ်။
ယခုလက်ရှိမှာတော့ တရားရုံးတင်မယ့် အမှုထဲမှာ Meta (Facebook) နဲ့ Snapchat တို့သာ တရားခံ အဖြစ် ကျန်ရှိနေပြီး၊ ဒီအမှုကို ဇူလိုင် ၂၇ ရက်နေ့မှာ Los Angeles မြို့မှာ စတင်စစ်ဆေးသွားဖို့ စီစဉ်ထားကြောင်း ဖေါ်ပြထားပါတယ်။
လူငယ်လေးဘက်ကတော့ ဆိုရှယ်မီဒီယာကို အလွန်အကျွံ အသုံးပြုမှုကြောင့် စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါနဲ့ မိမိကိုယ်ကို သတ်သေလိုစိတ်တွေထိ ဖြစ်ပေါ်ခဲ့တယ်လို့ ပြောဆိုထားပြီး၊ ဒီနေ့အထိ ဆေးကုသမှုကို ဆက်လက်ခံယူနေရဆဲ ဖြစ်ကြောင်း ဆိုထားပါတယ်။
အရင်ကလည်း TikTok ဟာ အလားတူ အမှုတစ်ခုကို တရားရုံးမတင်မီမှာပဲ ပြေလည်ခဲ့ဖူးပြီး၊ အခုဒုတိယအမှုကတော့ အမေရိကန်မှာ ဆိုရှယ်မီဒီယာ ပလက်ဖေါင်းတွေကြောင့် ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေကို ဘယ်လိုတရားစီရင်မလဲဆိုတာအတွက် အရေးကြီးတဲ့ စမ်းသပ်မှုတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
နောက်ထပ်အနေနဲ့ Meta, Snap, TikTok နဲ့ YouTube တို့ကလည်း ကင်တက်ကီပြည်နယ်ကကျောင်းတစ်ကျောင်းနဲ့ပတ်သက်တဲ့တရားစွဲဆိုမှုကိုတော့ ဒေါ်လာ ၂၇ သန်းခန့်နဲ့ ပြေလည်အောင် သဘောတူထားပြီး ကြောင်းသိရပါတယ်။
ဒီဖြစ်ရပ်တွေဟာ တရားရုံးအမှုတစ်ခုထက်ပိုပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ်ခေတ်က လူငယ်တချို့ရဲ့ စိတ်အခြေအနေကို တိုက်ရိုက်ထိုးထွင်းပြသ နေတာဘဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပလက်ဖေါင်းတွေကိုပဲ တစ်ဖက်တည်းတရားစီရင်လို့တော့ မရပါဘူး။ ဘာလို့လည်းဆိုတော့ ဒီပလက်ဖေါင်းတွေဟာ ကျယ်ပြန့်လှတဲ့ သတင်းအချက်အလက်၊ ပညာရေး၊ ဖန်တီးမှုနဲ့ စီးပွားရေးအခွင့်အလမ်း စတဲ့အကျိုးသက်ရောက်မှုကောင်းတွေကို လွယ်ကူစေတဲ့ တံခါးတစ်ချပ်လည်း ဖြစ်နေပါတယ်။
တစ်ဖက်မှာလူငယ်တွေဟာ သင်ခန်းစာတွေကို လွယ်လွယ်ကူကူ သင်ယူနိုင်တယ်၊ ကမ္ဘာတစ်ဝှမ်းက အတွေးအမြင်တွေကို ထိတွေ့နိုင်တယ်၊ ကိုယ်ပိုင်ဖန်တီးမှုကို ပြသနိုင်တယ်၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေတောင် ဖန်တီးနိုင်ပါတယ်။
ဒါပေမယ့်တစ်ချိန်တည်းမှာပဲ “အဆုံးမရှိ စွဲလမ်းအသုံးပြုခြင်း”မျိုးဆိုရင်တော့ ဒီပလက်ဖေါင်းတွေက အချိန်ကို မသိမသာစားသုံးပါတယ်၊ စိတ်ကြေနပ်မှုအတွက် တခြားသူတွေရဲ့ အတည်ပြုမှု (Like & comment) တွေ ပိုလိုအပ်လာစေတယ်၊ အခြားတယောက်ရဲ့ ပြီးပြည့်စုံတဲ့ဘဝနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်စေတယ်၊ စိတ်ဖိစီးမှု၊ စိုးရိမ်မှုနဲ့ လက်တွေ့ဘဝ အာရုံစူးစိုက်မှုတွေမှာ လျော့နည်းမှုတွေကို ဖြစ်စေပါတယ်။
The Straits Times ရဲ့ သတင်းထဲက ဒီအမှုမှာလိုပဲ မေးခွန်းက “အသုံးပြုသလား” မဟုတ်တော့ဘဲ“ဘယ်လောက်အထိအသုံးပြုထားသလဲ” ဆိုတာဖြစ်လာပါတယ်။
ယနေ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဟာ သာမန် App တစ်ခုမဟုတ်တော့ပါဘူး။ သူတို့ရဲ့ ကိုယ်မြင်ရမဲ့ feed ကို နောက်ကွယ်က ရွေးချယ်ပေးနေတဲ့ မမြင်ရတဲ့စနစ် (Algorithm) တွေက အာရုံကို ဆွဲထားဖို့၊ အချိန်ပိုကြာအောင် အသုံးပြုနေစေဖို့၊ အကြိမ်ကြိမ် ပြန်ပြန်လာစေဖို့ စတဲ့ စနစ်တကျ ဒီဇိုင်းတွေ လုပ်ထားတာပါ။ ဒါကြောင့် လူငယ်တစ်ယောက် “မထွက်နိုင်တော့ဘူး” ဆိုတာဟာ အားနည်းချက်တစ်ခုတည်းကြောင့်မဟုတ်ဘဲ စနစ်တစ်ခုလုံးရဲ့ဆွဲအားကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒီခေတ်မှာလူငယ်တစ်ယောက်အတွက် အန္တရာယ်အကြီးဆုံးကအပြင်ကမ္ဘာမှာကြီးပဲ မဟုတ်တော့ဘဲ ဖုန်းမျက်နှာပြင် အတွင်းကမ္ဘာမှာလည်း ဖြစ်လာပါတယ်။ ဆိုရှယ်မီဒီယာကို လုံးဝရှောင်လို့မရပေမယ့် သုံးချိန်ကို သတိထားဖို့၊ စိတ်ခံစားချက်ကို စောင့်ကြည့်ဖို့၊ “လိုအပ်တာ” နဲ့ “စွဲလမ်းမှု” ကို ခွဲခြားဖို့ လိုအပ်လာပါတယ်။
လူငယ်တွေဟာ “Like” တစ်ခု၊ “View” တစ်ခုနဲ့ ကိုယ့်တန်ဖိုးကို တိုင်းတာမိတဲ့အခါ အမှန်တကယ်ရှိတဲ့ ကိုယ့်ရဲ့ လက်တွေ့ဘဝက တဖြည်းဖြည်း မှေးမှိန်သွားတတ်ပါတယ်။
TikTok ကို တရားစွဲဆိုမှုလို အမှုတွေက တစ်ဖက်မှာ ဥပဒေရေးရာ ပြဿနာဖြစ်ပေမယ့် အခြားတစ်ဖက်မှာ လူမှုအသိပညာအတွက် အချက်ပေးခေါင်းလောင်းတစ်ခုပါ။
နည်းပညာက မကောင်းတာမဟုတ်ပါဘူး။ ဒါပေမယ့် နည်းပညာက ကိုယ့်ကို အသုံးချနေတာလား၊ ကိုယ်က နည်းပညာကို အသုံးချနေတာလား ဆိုတာကို ကိုယ်တိုင်ပြန်မေးနိုင်ဖို့က ဒီခေတ်လူငယ်တွေ အတွက် အရေးကြီးဆုံး မေးခွန်းတစ်ခု ဖြစ်လာပါတယ်။
လူငယ်တစ်ယောက်ရဲ့တန်ဖိုးအရှိဆုံးနဲ့ အရေးအကြီးဆုံး feed က TikTok နဲ့ အလားတူ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမဟုတ်ပါဘူး။ သူ့ကိုယ်ပိုင်ဘဝ၊သူ့ကိုယ်ပိုင်အတွေးအမြင်နဲ့ သူ့ကိုယ်ပိုင်အနာဂတ် သာ ဖြစ်တယ်ဆိုတာ စိတ်နှလုံးမှာ ခံယူထားဘို့ လိုပါတယ်။
တကယ်တော့ ဆိုရှယ်မီဒီယာတွေက အကြံပြုနိုင်တယ်၊ ဆွဲဆောင်နိုင်တယ်၊ စွဲလမ်းအောင် ဒီဇိုင်းတွေ ရေးဆွဲထားနိုင်တယ်။ ဒါပေမယ့် ဘာကိုရွေးချယ်ပြီးကြည့်မလဲ၊ ဘယ်လောက်ကြာကြာ အသုံးပြုမလဲ၊ ဘယ်အချိန်မှာ ရပ်မလဲဆိုတဲ့ နောက်ဆုံးရွေးချယ်မှုကတော့ ကိုယ့်လက်ထဲမှာပဲရှိနေတာပါ။ဒါကြောင့်ဒီပြဿနာအတွက် တာဝန်ခံမှုကို ဆိုရှယ်မီဒီယာကုမ္ပဏီတွေအပေါ်မှာသာအပြည့်အဝပုံချလို့မရသလို၊ကိုယ်တိုင်ရဲ့အသိစိတ်၊စည်းကမ်းနဲ့ ရွေးချယ်မှုတွေက ပိုပြီးအရေးကြီးပါတယ်။
ကိုယ်တိုင်မှန်ကန်တဲ့ ရွေးချယ်မှုတွေကို လုပ်နိုင်တဲ့နေ့မှာတော့ ဆိုရှယ်မီဒီယာတွေဟာ အသုံးဝင်တဲ့ ကိရိယာတွေအဖြစ်သာ ကျန်ရှိမှာဖြစ်ပြီး၊ လူငယ်တွေရဲ့ အချိန်၊ စိတ်နဲ့ အနာဂတ်ကို အနိုင်ယူထားတဲ့ သခင်တွေ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး။
ကိုးကား- The Straits Times


















































